ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ် ချင်းရိုင်းခရိုင်အတွင်း မြန်မာဘက်ကမ်းမှလာသော ယာဘသယ် ဆောင်သည့် လားဟူအဖွဲ့အား ထိုင်းလုံခြုံရေးတပ်မတော်က တားဆီးပစ်ခတ်ရာ ယာဘအပြားပေါင်း ၁ သန်း ကျော် သိမ်းဆည်း ရမိ ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြသည်။
“ကျနော်တို့တပ်က ကြိုတင်သတင်းရထားလို့ သွားစောင့်တယ်။ အဲဒီအဖွဲ့ဖြတ်လာတဲ့တောလမ်းက လွယ်တုန်း- ဖာချန့် မွတ် ကားလမ်းမအဟောင်းနဲ့ သိပ်မကွာလှဘူး။ လမ်းမကနေ ၅၀၀ မီတာလောက်ဘဲ ဝေးတယ်။ သူတို့အဖွဲ့ ဘယ်နှစ် ယောက်ပါသလဲတော့ မသိလိုက်ရဘူး။ ညဘက်လဲဖြစ်နေတော့ လေ။ ကျနော်တို့ တားတာကို ဟိုဘက်အဖွဲ့က မရပ်ဘဲ ကျနော်တို့ကို ပစ်ခတ်တာ။ ပစ်ခတ်သံရပ်လို့ သွားစစ်ဆေး ကြည့်တော့ အလောင်း ၂ လောင်းတွေ့တယ်။ ကျောပိုးအိတ် ၁၂ လုံးတွေ့တယ်” ဟု ထိုင်း လုံခြုံရေးတပ်ဖွဲ့မှ အရာရှိကပြောသည်။
အဆိုပါ ယာဘသယ်ဆောင်သည့် အဖွဲ့မှ ကျန်ရှိနေသည့် ကျောပိုးအိတ်များအတွင်း အိတ်တလုံးလျင် ယာဘအပြား တစ်သိန်းဖြင့် အိတ် ၁၂ လုံး ဖမ်းမိပြီး စုစုပေါင်း ယာဘ ၁ သန်း ၂ သိန်း သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။ ယခုဖမ်းမိသည့် ယာဘများသည် ယခင်က ဖမ်းဆီးရ မိဖူးသည့် တံဆိပ်များနှင့်တူညီပြီး ချင်းရိုင်းခရိုင် တဖက်ခြမ်းရှိ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဖွဲ့ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း သတင်းတွင် ရေးသားဖော်ပြထားသည်။
အဆိုပါထွက်ပြေးလွတ်မြောက် သွားသူများအား လိုက်လံရှာဖွေဖမ်းဆီးရန် ထိုင်းဘုရင့်တပ်မတော်၏ ချင်းရိုင်းခရိုင်လုံခြုံရေးတပ်ဖွဲ့က အမိန့်ထုတ်ထားသဖြင့် တောနင်းလိုက်ရှာသော တပ်ဖွဲ့မှ ဇန္နဝါရီလ ၁၆ ရက် မနက်ပိုင်းက စက်သေနတ်တလက် ထပ်မံသိမ်းဆည်းမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
အလားတူ ထိုင်းနိုင်ငံအတွင်း ယာဘသယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့အား မယ့်ဖှလုံမြို့ဧရိယာ အတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ယခုလ ၆ ရက်နေ့က တားဆီးပစ်ခတ်တိုက်ခိုက်ရာ လားဟူအဖွဲ့မှာ ၅ ယောက်သေဆုံးကာ ယာဘအပြား ပေါင်း ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းလုံခြုံရေး အာဏာပိုင် များကေ ပြောသည်။