အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့တွင် တနင်္လာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာနှင့် နယ်စပ်ဂိတ်ပိတ်လိုက်ခြင်း ကြောင့် တမူးမြို့ နန့်ဖာလုံစျေး လူဝင်/လူထွက် နည်းပါးကာ စျေးအရောင်းအဝယ် အေးစက်သွားကြောင်း နန့်ဖာလုံစျေးမှ စျေးသည် တဦးက ပြောသည်။
“မနက်ပိုင်း စောစောလောက် ဖွင့်တယ်။ နေ့ခင်းပိုင်း ပိတ်လိုက်တယ်။ ကျနော်တို့ကတော့ သောင်းဂဏန်း လောက် ဆုံးရှုံးတယ်။ စျေးဝယ်တဲ့သူ အများစုက ဟိုဘက်က လာတာ။ ကျနော်တို့က တရက်ကိုတသောင်း လောက် ရှုံးသွားတာပေါ့” ဟု ကုန်စိမ်းသည် တဦးက ဆိုသည်။
မိုးရေးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အိန္ဒိယဘက်မှ တောင်တန်းသားများ ကောင်စီ (HTC) က သပိတ်မှောက်လိုက်သဖြင့် မြန်မာနှင့် နယ်စပ် ကူးလူး ဆက်သွယ်နေသည့် ကုန်သွယ်ရေးလုပ်ငန်းများ တနင်္လာနေ့ ညနေမှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်သည်။
နန့်ဖာလုံစျေးသည် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် စျေးကြီးဖြစ်ပြီး စျေးလာဝယ် သူ ၉၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်သည်။
“စျေးရောင်းပါးတယ်။ ဘယ်သူမှ ဝယ်မယ့်သူမရှိဘူး။ ကျနော်တို့ဘက်မှာ သွားလို့လာလို့ ရတယ်။ ဗမာတွေ မိုးရေးကို ဝင်လာရင် မောင်းထုတ်တယ် သူတို့က” ဟု တမူးမြို့ခံ တဦးက ပြောသည်။
တနင်္လာနေ့ ဖောက်ခွဲသူများသည် မြန်မာနိုင်ငံဘက်အခြမ်း နန့်ဖာလုံးစျေး ဘက်သို့ ထွက်ပြေး ဝင်ရောက် သွားသည် ဟု မျက်မြင်များက ဆိုကြသော်လည်း ထိုပေါက်ကွဲမှုနှင့် ပါတ်သက်၍ မည်သူမည်ဝါ၏ လက်ချက် ဖြစ်သည်ကို မသိရှိသေးကြောင်း မဏိပူပြည်နယ်ထုတ် သတင်းစာများက ရေးသားသည်။
မိုးရေးမြို့မှ ကျောင်းသားအဖွဲ့များနှင့် အမျိုးသမီး အဖွဲ့များက အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုအား စုံစမ်းဖော်ထုတ် ပေးရန် ဗုဒ္ဓဟူးနေ့က နယ်စပ်ဂိတ်တွင် ထိုင်သပိတ်် ဆင်နွဲခဲ့သည်။
“တောင်းဆိုတာက ဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာ အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ မိုးရေးမြို့ဆိုတာက နယ်စပ်ကုန်သွယ်ရေး ဟိုဘက်ဒီဘက် အရေးပါတယ်။ ဒီတော့ လုံခြံုရေးကို သေချာဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ မိုးရေးဘက်က စျေးရောင်းတဲ့ သူတွေပါတယ်။ များသောအားဖြင့် နန့်ဖာလုံစျေး သွားတဲ့သူတွေက အိန္ဒိယဘက်က စျေးဝယ်သွားသူတွေ များတယ်” ဟု ကူကီးအမျိုးသမီး လူ့အခွင့်အရေး အဖွဲ့ မှ မငိုင်ငိုင်း က ဆိုသည်။