ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲမှ ညီညွှတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန် သံဓိဌာန်ချ

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲမှ ညီညွှတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန် သံဓိဌာန်ချ
by -
နိရဥ္စရာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန္နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခဲ့သော ရခိုင် အမျိုးသား အလုပ်ရုံဆွေးပွဲတွင် တက်ရောက်လာသူ ရခိုင်ခေါင်းဆောင်များက ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန် တညီတညွှတ်တည်း သံဓိဌာန်ချခဲ့ကြသည်ဟု သိရသည်။

Thai-meeting

အဆိုပါ ဆွေးနွေးပွဲမှ  ရခိုင်အမျိုးသား ညီညွတ်ရေး အကျိုးဆောင် ကော်မီတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ရခိုင် ခေါင်းဆောင်များ အနေဖြင့်   ညီညွှတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန်  ယုံကြည်မူ ရှိလာကြောင်းကို ရခိုင်ပြည်တပ်မတော်မှ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်က ယခုလို ပြောသည်။

“ဒီအလုပ်ရုံဆွေးနွေးပွဲ တလျှောက်လုံးမှာ အချင်းချင်း အငြင်းပွားမှု လုံးဝမရှိလို့ ပြောလို့ရပါတယ်။ လူလူတိုင်း လူတိုင်းဟာ ဒီနေ့ ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်သင့်ပြီလို့ ယုံကြည်လာကြလို့ ဖြစ်တယ်။ ဒီနေ့ကစပြီး ညီညွတ် ရေးကို မတည်ဆောက်နိုင်ရင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဘဝကို မတွေးဝံ့စရာ ဆိုတဲ့သဘောထားက တက်ရောက် သူတိုင်းမှာ ခံစားချက်တွေ ရှိကြလို့ အားရကျေနပ်မှုတွေ ရရှိပါတယ်” ဟု ပြောသည်။

ယခု ပြုလုပ်သော ပထမအကြိမ် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်အပေါ် အားရ ကျေနပ်မူရှိ သည်ဟုလည်း ရခိုင်ပြည်တပ် မတော်မှ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်ကပြောသည်။

“အားရကျေနပ်မှုရှိပါတယ်။ ထင်ထားတာထက် အောင်မြင်တယ်လို့လည်း အားလုံးက ယုံကြည်ကြပါတယ်” ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို အဖွဲ့အစည်း (၁၇) ဖွဲ့မှ ကိုယ်စားလှယ်များ အပြင်  ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာ တော်များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ လူမှုအ ခြေပြု အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့ များ အပါအဝင် တသီးပုဂ္ဂလများ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မီတီအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက နိရဥ္စရာသို့ ယခုလို ပြောသည်။

“ရခိုင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ကြိုးပမ်းတဲ့လမ်းမှာ ဘုံတူညီတဲ့ သဘောထားတွေကို ချချင်ပါတယ်။ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်မှု ရချင်ပါတယ်။ ဒီဦးတည်ချက် တွေကြောင့် ကျွန်မတို့ ဒီအလုပ်ရုံဆွေး နွေးပွဲ၊ တနည်းအားဖြင့် ရခိုင်အမျိုးသားဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲတွင် ရခိုင်ပြည်တပ်မတော်၊ ရခိုင်အမျိုးသမီးအစည်းအရုံးနှင့် ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီ တို့က ဦးဆောင်ကျင်းပခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာသော အဖွဲ့အစည်း အသီးသီးမှ သဘောထား စာတမ်းများဖတ်ကြားတင်သွင်းပြီး ရခိုင် အမျိုးသားအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရေးကိစ္စအပေါ် အခြေခံပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင်  သဘောတူညီချက် ၆ ချက်ကို ချမှတ်နိုင်ခဲ့ပြီး ရခိုင်အမျိုးသား ညီညွတ်ရေး အကျိုးဆောင် ကော်မီတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းကိုလည်း  ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ရခိုင် အမျိုးသား ညီညွှတ်ရေး အကျိုးဆောင် ကော်မီတီမှာ အရင်က ဖြစ်မြောက်ရေး ကော်မီတီကို ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ရခိုင်တပ် မတော်က ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်ပါတယ်။ ကျွန်မပါတယ်။ တသီးပုဂ္ဂလထဲကလည်း ပါကြတယ်။ ဘင်္ဂလာဒေ့ချ် အခြေ စိုက်ပုဂ္ဂိုလ်တွေလဲ ပါကြတယ်။ ပါတီအသီးသီးက ထိပ်ပိုင်းခေါင်းဆောင်ထဲက အလုပ် အမှုဆောင်ထဲမှာ ပါသင့်ပါတိုက်တဲ့ အဖွဲ့ကိုယ်စားလှယ်တွေလည်း ပါကြပါတယ်။”

ဆွေးနွေးပွဲမှ ရခိုင်ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေး “မူ” အပေါ်တွင် ညီညွတ်စွာ လက်တွဲဆောင်ရွက်ရေး အပေါ်တွက် မူတည်ပြီး ၆ ချက်ပါ သဘောထားထုတ်ပြန်ချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ရဟန်းပျိုများသမဂ္ဂ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၀ံလက်ဖေါင်ဒေးရှင်း၊   ရခိုင်အမျိုးသမီး အစည်းအရုံး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်တပ်မတော်၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ ၊ ရခိုင်အမျိုးသားကွန်ယက် စသည့်  အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

Most read this week