အစိုးရတပ် လေကြောင်းမှ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲဟု KIO ပြော

အစိုးရတပ် လေကြောင်းမှ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲဟု KIO ပြော
by -
မဇ္စျိမ

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့နှင့် ၅ မိုင်အကွာရှိ ခရားဘွမ် တဝိုက်တွင် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ မြေပြင်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို အစိုးရတပ်က လေကြောင်းဖြင့် ပစ်ကူနေကြောင်း သိရသည်။

အစိုးရတပ်ဘက်မှ ဂျက်လေယာဉ် နှစ်စီးက အင်္ဂါနေ့ မွန်းလွဲပိုင်းမှ ညနေ ၅ နာရီအချိန်ခန့်ထိ KIA တပ်မဟာ ၅၊ တပ်ရင်း ၂၁ အခြေစိုက်ထားသည့် ခရားဘွမ်သို့ ပစ်ကူနေခြင်း ဖြစ်သည်ဟု KIO ကပြောသည်။

“ခရာဘွမ်ဘက်မှာ ပစ်နေတာ။ ၂ နာရီ ၁၅ မိနစ်ကနေ ဂျက်လေယာဉ် နှစ်စီး လာပြီး ပစ်နေတယ်။ ဒီလေယာဉ်
ပြန်သွားတဲ့နောက် မြေပြင်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာဘဲ။  တပ်မဟာ ၃ ဘက်မှာလည်း မနေ့က လာတယ်။ ပစ်တာတော့ မရှိဘူး” ဟု KIO ပြောရေးဆိုခွင့်ရသူ ဦးလနန် က ပြောသည်။

အလားတူ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးကလည်း “လေယာဉ်ကနှစ်စင်း ဝဲပြီးတော့ ခရားဘွမ်ဘက် တက်ထိုးနေတဲ့ နေရာရှိတယ်။ တက်ထိုးတာ မရတော့ လေယာဉ်နဲ့ လာပစ်ကူနေတယ်။ ခုညနေ ၄ နာရီမှာ တခါပြန်လာပစ်တာ။ လေယာဉ်နဲ့ ပစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မဇ္စျိမမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် အစိုးရဘက်မှ လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသော်လည်း တစုံတရာ ထိခိုက်မှု မရှိကြောင်း ၎င်းက မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်မှ စတင်၍ အစိုးရဘက်မှ စစ်တိုက်လေယာဉ်များဖြင့် စတင် ပစ်ကူခဲ့သလို၊ လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်တောင် အမြောက်စခန်းမှ ပစ်ခတ်သော လက်နက်ကြီးများ လိုင်ဇာမြို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား သုံးဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း KIO ကပြောဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ထိုနေ့ နံနက်ပိုင်းက အစိုးရဘက်မှ လဂျားယန် တဝိုက်တွင် လက်နက်ကြီးနှင့် ပစ်ခတ်မှု လုံးဝ မရှိကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ကိုယ်ပိုင် (Ye Htut) ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။