MRTV-4 ရုပ်သံလိုင်းကို တေးရေး ကေအေတီ တရားစွဲရန်ပြင်ဆင်

MRTV-4 ရုပ်သံလိုင်းကို တေးရေး ကေအေတီ တရားစွဲရန်ပြင်ဆင်
by -
မဇ္စျိမ

တေးရေးဆရာများ၏ မူပိုင်ခွင့်အား ကာကွယ်ရန်နှင့် မူရင်းအဆိုတော်တို့ကို ဦးစားပေးလိုသည့် ရည်ရွယ် ချက်ဖြင့် သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့်သွားသည့် MRTV4 ရုပ်သံလိုင်းအား တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု တေးရေးဆရာ ကေအေတီ က ပြောသည်။

ယင်းသို့ တရားစွဲဆိုရခြင်းမှာ MRTV4  နှင့် Channel  ရုပ်သံလိုင်းများ၏ ကုမ္ပဏီဖြစ်သော Forever ကုမ္ပဏီအုပ်စုက ဦးစီးကျင်းပသည့် ပွဲနှစ်ပွဲတွင် တေးသံရှင်အချို့က အကြောင်းကြားခြင်းမရှိဘဲ သီချင်းသီဆို အသုံးပြုခြင်းကြောင့် ဖြစ်ပြီး ယင်းပွဲများကို MRTV4 နှင့် Channel 7 ရုပ်သံလိုင်းများက ထုတ်လွှင့်ခဲ့ရာ ခွင့်ပြုချက် မယူဘဲ ထုတ်လွှင့်မှု ကြောင့်လည်း တရားစွဲဆိုခြင်းဖြစ်သည်ဟု ကေအေတီ က ပြောသည်။

Channel7 ရုပ်သံ လိုင်းက စီစဉ်သည့် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ၏ ဆုရတေးသံရှင် တဦးဖြစ်သူ ရဲသွေးနောင်က ကေအေတီရေးပြီး အဆိုတော် ဂျီလတ် သီဆိုထားသည့် ''ကြိုနေစေချင်တယ်'' သီချင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပသည့် Count Down 2013  ပွဲတွင် အသိပေး အကြောင်းကြားခြင်း မရှိဘဲသီဆိုခြင်းကြောင့်ဟု ကေအေတီ က ပြောသည်။

အလားတူ အိပ်မက်ဆုံရာ ဆုရ တေးသံရှင် တဦးဖြစ်သူ နန်းထက်ထက်သူက အဆိုတော်လေးဖြူ၏ ''နောက်ဆုံးရထား'' သီချင်းကို လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် သီဆိုခဲ့ရာ တေးရေးနှင့်  တေးဆိုတို့အား အသိပေးခြင်းမရှိ ဟုလည်းကေအေတီက ဆိုသည်။

ထို့အပြင် ပွဲစီစဉ်တင်ဆက်သူများကလည်း သတ်မှတ်ထားသည် ့အခကြေးငွေ တစုံတရာကို သက်ဆိုင်သည့်တေးရေးနှင့် တေးဆိုတို့အား မပေးဘဲ ပြုလုပ်ခဲ့ခြင်းကြောင့် တေးရေးဆရာ မူပိုင်ခွင့်ကို ကာကွယ်ရန်အတွက် တရားစွဲဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကေအေတီက '' MRTV 4က တာဝန်ရှိသူတွေကရော အဆိုတော်တွေကပါ ဘာမှအသိမပေးဘဲ ခွင့်ပြုချက်မ တောင်းဘဲ လုပ်ကြတာပါ။ တကယ်လို့ ခွင့်တောင်းခဲ့မယ်ဆိုလည်း ခွင့်ပြုဖို့မရှိဘူး။ ကျနော်ကိုယ်တိုင်လည်း  မူပိုင်ခွင့်ကို ကာကွယ်ရာရောက်အောင် မူလသီဆိုထားတဲ့သူရဲ့သီချင်းကို နောက်တယောက်ကို ပေးဆိုတာမျိုး လည်း မရှိခဲ့ဖူးဘူး။ ဒီလိုဆိုလိုက်တော့ အဆိုတော်ကလည်း ကျနော်ပဲ ပေးဆိုခိုင်းလိုက်သလိုမျိုး ထင်နိုင်တယ်။ ဒီသီချင်းက ကာရာအိုကေတောင် မထွက်ခဲ့ဘူး။ ဒါကို ရဲသွေးနောင်ကဆိုလိုက်တော့ ရဲသွေးနောင်ဆိုတယ်လို့ပဲ လူတွေကသိကြမှာ။ အဆိုတော်ဂျီလတ် ဆိုတယ်လို့တောင် သိကြမှာမဟုတ်ဘူး။ ရဲသွေးနောင်ကတော့ အဆိုတော် ဂျီလတ်ဆီ ဖုန်းဆက်တောင်းပန်တယ်လို့ ပြောတယ်။ အမှန်တော့ အဆိုတော်တွေထက် အစီအစဉ် ပြုလုပ်တဲ့သူတွေ ကိုယ်တိုင်က သိသင့်တယ်'' ဟု ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာတစ်ဦးတည်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တေးရေးဆရာများကိုယ်စား ပထမဆုံး စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ကေအေတီကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်သူဖြစ်သည့် Channel 7 ရုပ်သံလိုင်းက တာဝန်ရှိသူတဦးက ''ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေပါတယ်။ တာဝန်ခံ လိုက်လုပ်ပေးတဲ့ အဖွဲ့တဖွဲ့လည်း ရှိနေပါတယ်။ သူတို့ဘက်က တခုခုဖြစ်တယ်ဆိုရင် ဖြေရှင်းပေးသွားမှာပါ'' ဟု ပြောသည်။