အမျိုးသမီးဝန်ကြီး ၃ဝ ရာခိုင်နှုန်းရရေး ရခိုင်အမတ် လွှတ်တော်တွင် အဆိုတင်မည်

အမျိုးသမီးဝန်ကြီး ၃ဝ ရာခိုင်နှုန်းရရေး ရခိုင်အမတ် လွှတ်တော်တွင် အဆိုတင်မည်
by -
မဇ္စျိမ

အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းသည် အမျိုးသမီးဖြစ်စေရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်း၍ ကြိုးပမ်းမည်ဟု ရခိုင်အမျိုးသမီး အောက်လွှတ်တော်အမတ် ဒေါ်ခင်စောဝေက မဇ္စျိမကိုပြောသည်။

 Mizzima

ရွေးကောက်မည် ဆိုပါက ဝန်ကြီးများ၏ ၃ဝ ရာခိုင်နှုန်းကို အမျိုးသမီးများ ဖြစ်စေရေးအတွက် ဥပဒေအဖြစ်
ပြဌာန်းရန် ၎င်းက အဆိုတင်သွင်းမည်ဖြစ်ပြီး ထိုအဆိုကို လွှတ်တော်အတွင်းရှိ အမျိုးသမီးအမတ်များကလည်း ဝင်ရောက်ဆွေးနွေးသွားကြမည်ဟု ဆိုသည်။

ယင်းအဆိုကို ၂ဝ၁၂ ခုနှစ်ဇူလိုင် ၄ ရက်နေ့က လွှတ်တော်သို့ တင်ထားခြင်းဖြစ်ပြီး ယခုကျင်းပနေသည့် ဆဋ္ဌမ အကြိမ် လွှတ်တော်တွင် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုအဆိုသည် သမ္မတရုံးနှင့် ဆိုင်သည့်
အတွက် ကြန့်ကြာနေခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

ကျင်းပဆဲဖြစ်သည့် လွှတ်တော်တွင် အမျိုးသားစီမံကိန်းဆိုင်ရာကိစ္စများ၊ ဘတ်ဂျက်ဆိုင်ရာကိစ္စများ၊ ကချင်ပြည် နယ်ကိစ္စများ၊ လယ်ယာမြေ၊ အင်းနှင့်ဆိုင်သည့် ကိစ္စများနှင့်အရေးကြီးမေးခွန်းများ များပြားနေသဖြင့် အမျိုးသမီးများ ဝန်ကြီးဖြစ်ရေးအဆိုကို ဆွေးနွေးနိုင်ခွင့်မှာ လောလောဆယ် ဖြစ်နိုင်ခြေ နည်းပါးကြောင်း သိရသည်။

ယခုအဆို အောင်မြင်သွားပါက ဝန်ကြီးများကို လွှတ်တော်တွင်း၊ လွှတ်တော်ပ ဟူ၍ ခွဲခြားမနေဘဲ အရည်အချင်းရှိသူ၊ ဝန်ကြီးရာထူးဖြစ်သင့် ဖြစ်ထိုက်သူများကို အမှန်တကယ်ရွေးချယ်၍ ခန့်အပ်စေလိုကြောင်း ဒေါ်ခင်စောဝေက မှတ်ချက်ပြုသည်။

ယခုကဲ့သို့ ဝန်ကြီး ၃ဝ ရာခိုင်နှုန်းကို အမျိုးသမီးဖြစ်စေရေးအဆိုအပေါ် လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးအတွက်  ဆောင်ရွက်နေသော ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ချင်းချင်းက ''ကျွန်မအမြင်ကတော့ ဒါတကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါပဲ။ ဒီနေ့ထိ လွှတ်တော်တွင်းမှာရော အပြင်မှာပါ အမျိုးသမီး အခွင့်အရေး အကြောင်းပြောကြတာ ဒီနေ့ထိ သိပ်ထင်ထင်ရှားရှား မမြင်ကြရဘူးလေ'' ဟု ဆိုသည်။

ထို့အပြင် ''ဒီလိုအမျိုးသမီးဝန်ကြီးတွေဖြစ်လာမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ အရင်ကထက် ပိုပြီးတော့ ကောင်းလာမှာပေါ့'' ဟုလည်း ၎င်းထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် တစ်ဦးသာ အမျိုးသမီးပြည်ထောင်စုဝန်ကြီး ရှိပြီး၎င်းသည်လည်း နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံး အမျိုးသမီးဝန်ကြီး ဖြစ်သည်။

ဒု-ဝန်ကြီး များအနေဖြင့် စီမံ/စီးပွားဝန်ကြီးဌာနမှ ဒေါက်တာခင်စန်းရီ ၊ လူမှုဝန်ထမ်းဝန်ကြီးဌာနမှ ဒေါ်စုစုလှိုင်၊ ပတ်ဝန်းကျင်/ သစ်တောဝန်ကြီးဌာနမှ ဒေါက်တာ သက်သက်ဇင်၊ ကျန်းမာရေးဝန်ကြီးဌာနမှဒေါက်တာ သိန်းသိန်းဌေးတို့ ငါးဦးသာ ရှိပြီး ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးအနေဖြင့် အမျိုးသမီးပါဝင်မှု ၄.၅ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။