ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းကဆိုသည်။
“၁- အပစ်ရပ်မယ် ၂- နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းပြီး စိုက်ပျိုးရေးတွေလုပ်မယ် ၃- သျှမ်းဘက်က တပ်စခန်းတွေ ဆောက်လုပ်ဖို့နေရာအကြောင်း ဆွေးနွေးတယ် ၄- မူးယစ်ဆေးဝါးမူးပေါင်းနှိမ်နင်းမယ် ဆိုတဲ့အချက် ၄ ချက်ဆွေးနွေးကြ တယ်လို့ကြားသိရတယ်” ဟု အမည်မဖေါ်လိုသည့် RCSS/SSA တပ်မှူးတဦးက ပြောသည်။
ဒီဇင်ဘာ လကုန်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံပွဲသို့ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ အမှတ် ၁၇၁ စစ်ဒေသ ဒုတပ်မှူးကြီး Yang Jun ၊ တပ်မဟာ ရ၇၅ တပ်မဟာမှူး ယန်ကော်ကျုံး ၊ ဒုတပ်မဟာမှူး Ya Lisi တို့ဦးဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA ဘက်မှ ဗိုလ်မှူးကြီး တင်းခေး ၊ ဗိုလ်မှူးကြီး စိုင်းဟန် နှင့် ဗိုလ်မှူးကြီးဝမ်းလီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အချက်နံပတ် ၁ ဖြစ်သော အပစ်ရပ်စဲရေးကိစ္စတွင် ယမန်နှစ်က သျှမ်းပြည်တပ်မတော်၏ တပ်သား ကေဒါများ အား ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဖမ်းဆီးသည့်ကိစ္စ ရှေ့ဆက်ထိုကဲ့သို့ ထပ်မံမဖြစ်ပွါးရန် သဘောတူညီခဲ့ကြသည်။ တဖက်နယ်မြေအတွင်းသို့ သံသ ယကင်းစွာဖြင့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ရှိသည်ဟုလည်း သဘောတူညီကြသည်။ ဖမ်းဆီးထားသူများအနက် ကျန်တချို့အား တွေ့ဆုံသည့်နေ့ကပင် ပြန်လည်လွတ်ပေးလိုက်သည်။
အချက်နံပတ် ၂ - နှစ်ရှည်ပင်များ ၊ ရာသီအလိုက်သီးနှံများကို ဝ တပ်နှင့် သျှမ်းတပ်တို့ပူးပေါင်းစိုက်ပျိုးရောင်း ချကြမည် ဖြစ်ကြောင်း သဘောတူကြသည်။
အချက်နံပတ် ၃ - ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ပုံဖာပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော်မှတပ်စခန်း စိုက် ခွင့်ရှိသည်။
အချက်နံပတ် ၄ - နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းကာမူးယစ်ဆေးဝါးတိုက်ဖျက်သွားမည်။ အစရှိသည်တို့ ဆွေးနွေး ခဲ့ကြ သည်။
စိုက်ပျိုးရေးအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပုံပါကျင်နှင့်နားကောင်းမူး အရှေ့ဘက်ခြမ်းတွင်နေရာရွေး ချယ်ထား သည်ဟုလည်း သိရကြောင်း ၎င်းကပြောသည်။
သို့သော်အဆိုပါအချက်များနှင့်ပတ်သက်၍ သျှမ်းပြည်တပ်တော် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ထံမှအတည်ပြု ချက် မရသေးပေ။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ၂၀၁၂ ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ ခု စက်တင်ဘာလ ၁၆ ရက် က ပထမအကြိမ်တွေ့ ဆုံ ခဲ့ကြသည်။