ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ လူနေရပ်ကွက်ထဲသို့ ယနေ့မနက် ၈ နာရီဝန်းကျင်ခန့်က အစိုးရ လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း လိုင်ဇာသတင်းရပ်ကွက်က ပြောသည်။
သေဆုံးသူများတွင် အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသား ဖေါ်ယူးဒွဲဆန်အောင် အပါအဝင် ခရစ်ယာန် သာသနာ့ဝန် ထမ်း အသင်းထောက် မလန်ယော် (၇၆) နှစ်နှင့် ဦးအင်ခွန်ဘောက်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ လန်းဂျောနူးဂျိုင် (၈နှစ်)၊ ဒေါ် လဂွယ် ဆောနမ် (၃၈နစ်)၊ ဂျန်မာဘောက်ဆန် (၂နစ်-ဒေါ်လဂွယ်ဆောနမ်၏ သား)နှင့် နန်းဖင်းရွယ်ဂျီး (၅၆နစ်)တို့ ဖြစ်သည်ဟု သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်-KIO ပြောခွင့်ရ ဦးလနန်က “ဒီမနက် လိုင်ဇာဌာချုပ်ကို အစိုးရတပ်ဘက်က ၁၀၅-မမ လက်နက်ကြီးနဲ့ လေးချက် ပစ်တယ်။ နှစ်လုံးက လိုင်ဇာထဲက လူနေတဲ့ ရပ်ကွက်တခုထဲကိုကျပြီး အရပ်သားတွေကို ထိသွား တယ်။ ပထမတစ်လုံးက လူကြီး နှစ်ယောက်သေတယ်။ ဒုတိယအကြိမ်မှာ ၉တန်း ကျောင်းသားလေးကို ထိသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ အစိုးရဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဒေါ့ဖုန်းယန် အစိုးရတပ်စခန်းမှ (၃၇၀) အမြောက်တပ်ရင်းဖြစ် ပြီး လက်ရှိ သေဆုံးသူများကို မြေမြုပ်သင်္ဂြိုလ်ရန် မိသားစုဝင်များက စီစဉ်နေပြီး ဒဏ်ရရှိသူများကို လိုင်ဇာဆေးရုံတွင် အရေး ပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဦးလနန်က ဆက်ပြောသည်။
ထို့အပြင် ဒဏ်ရာရရှိသွားသူများအနက် လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီးလူကြီးတစ်ဦး ကို လိုင်ဇာ၏ တရုတ်ပြည်ဘက်ခြမ်းရှိ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်လိုက်ပြီဟု တရုတ်နယ်စပ်သို့ ရောက်ရှိနေ သည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့မှ ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။
အစိုးရဘက်မှ KIA ကို တိုက်ခိုက်ရာတွင် ၎င်းတို့၏ တပ်စခန်းများသို့ ရိက္ခာပို့ရန် လမ်းကြောင်းတစ်လျှောက်သာ တိုက်ခိုက်ပြီး လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်ရန် မဟုတ်ကြောင်း ထုတ်ပြန်ထားသကဲ့သို့ အစိုးရ၏ ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလည်း ကရင်အမျိုးသားအစည်းအရုံး-KNU ခေါင်းဆောင်များနှင့် ဇန်နဝါရီ ၆ ရက်နေ့က တွေ့ဆုံရာတွင် ၎င်းတို့ အနေဖြင့် လိုင်ဇာကို ထိုးစစ်မဆင်ကြောင်း ပြောဆိုခဲ့သည်။
“အစိုးရက ဘာပဲပြောပြော KIA ကို ချေမှုန်းဖို့ အစီအစဉ် ရှိပြီးသားပဲ။ သူတို့ လိုင်ဇာကို ၀င်တယ်၊ မဝင်ဘူးဆိုတာ နိုင်ငံတကာ မှာ သံတမန် စကားလုံးတွေပါ။ နိုင်ငံတကာရဲ့ ဖိအားလျော့သွားအောင် လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။ အခု ပစ်ခတ်တဲ့ အားလုံးဟာ ဗဟို(လိုင်ဇာ)ကို ချိန်ပြီး ပစ်ခတ်တာပဲ။ သူတို့က လိုင်ဇာကို တစ်ရက်ဆိုရင် ၆ လုံး၊ ရ လုံး ပုံမှန်ပဲ။ ဒီနေ့မှာ သူတို့ရဲ့ ပစ်မှတ် မှန်သွားတဲ့ သဘောပါ”ဟု ဦးလနန်က ဆက်ပြောသည်။
အလားတူ ယမန်နေ့ နေ့လည်ကလည်း KIA တပ်မဟာ (၃) တပ်စွဲထားသည့် မိုးမောက်မြို့နယ်ရှိ ဂျာမိုင်ဘွမ်တပ်စခန်းရှိရာ ဒေသကို အစိုးရတပ်ဘက်မှ ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် ပထမဦးအကြိမ် လာရောက်ပစ်သကဲ့သို့ မြေပြင်ထိုးစစ်လည်း ဆင်ကာ နှစ်ဖက်တိုက်ပွဲများ တနေကုန် ဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။