လာမည့် မိုးစပါးရာသီမှ စတင်ကာ လယ်သမားများကို စိုက်ပျိုးစရိတ်အဖြစ် တဧကလျှင် ကျပ်ငွေတသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးတော့မည်ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့က ကြေညာသည်။
နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်တွင် ချေးငွေများကို “တောင်သူလယ် သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့်” ထုတ်ချေးပေးခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။ အစိုးရက ထုတ်ချေးမည့် ချေးငွေများကို မြန့်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ငွေတရာလျှင် အတိုးနှုန်း ပြား ၈၀ ဖြင့် ထုတ်ချေး ပေးမည် ဖြစ်သည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး အစိုးရက တဧကလျှင် ကျပ်ငါးသောင်း ထုတ်ချေးပေးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊
အောက်တိုဘာလအတွင်းက နွေစပါးစိုက် တောင်သူများအား တဧကလျှင် ကျပ်ရှစ်သောင်း ထုတ်ချေးပေးကာ ယခုနှစ် မိုးစပါးရာသီမှ စတင်ကာ တဧကလျှင် တသိန်းကျပ်နှုန်းဖြင့် လယ်သမားများအား ထုတ်ချေးခြင်း ဖြစ်သည်။
သို့သော် လယ် ၁၀ ဧကနှင့်အောက် ပိုင်ဆိုင်သူများနှင့်် ယမန်နှစ််က ထုတ်ချေးထားသော ချေးငွေများကို အတိုးနှင့်် အရင်း အကျေအလည် ဆပ်ပြီးသူများကိုသာ ထုတ်ချေးပေးမည်ဟု ဆိုသည်။
ထို့ကြောင့် လယ် ၁၀ ဧကနှင့်အထက် ပိုင်ဆိုင်သောလယ်သမားများအတွက် အခက်အခဲ ရှိကြောင်းကို ကန်ကြီးထောင့်မြို့နယ်၊ ဒါးကရွာမှ လယ်သမား ဦးမော်မော်စိုး က “အခက်အခဲတွေ ရှိတာပေါ့ဗျာ။ လယ် ၁၀ ဧကအထက် ပိုင်တဲ့ လယ်သမားတွေက ချေးငွေ မရတော့ အပြင်မှာ အတိုးနှုန်းကြီးကြီးနဲ့ ချေးပြီး စိုက်စရိတ် လုပ်ရတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် လယ် လုံးဝမရှိသူများက ချေးငွေရရှိနေသကဲ့သို့ အမှန်တကယ် လယ်ပိုင်ဆိုင်သည့် တောင်သူများမှာ လယ်ဧက အမှန်အတိုင်း ချေးငွေမရရှိသည့် ဖြစ်စဉ်များလည်း ရှိကြောင်း ၎င်းက ဆိုသည်။ မိုးစပါးစိုက်ပျိုးစရိတ်မှာ တဧကလျှင် ကျပ်တသိန်းခန့် ကုန်ကျသည်ဟု ဆိုသည်။
လယ်သမားများမှာ အစိုးရချေးငွေဖြင့််် စိုက်ပျိုးစရိတ် မလုံလောက်ပါက ရပ်ရွာအတွင်းရှိ ငွေကြေးချမ်းသာ သူများ နှင့်ကုန်သည်များထံမှ ငွေကျပ်တရာလျှင် အတိုးနှုန်း ၁၀ ကျပ်နှုန်းဖြင့် ချေးယူနေရကြောင်း သိရသည်။