ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန်အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခု တည်ဆောက်မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
“SE-ME-WE-5 အင်တာနက် ဆက်ကြောင်း တည်ဆောက်မှုမှာ တရုတ်နိုင်ငံ အခြေစိုက် China Unicon ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီက ကေဘယ်လ်တွေနဲ့ စက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြား ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။
ယင်းအတွက် သဘောတူစာချုပ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် China Unicon ကုမ္ပဏီတို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။
“အင်တာနက် ဆက်ကြောင်း တည်ဆောက်ရာမှာ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို မူဆယ်ကနေ-ငွေဆောင်
အထိ အရင်တည်ဆောက်မှာပါ။ ပြီးမှ ပင်လယ်ထဲကို ဆင်းမှာပါ။ ပင်လယ်ထဲကမှ နိုင်ငံတကာနဲ့ ချိတ်ဆက်သုံးမှာပါ။ ဆက်ကြောင်း တည်ဆောက်မှုတွေ ပြီးစီးရင် အဲဒီ ကေဘယ်လ်လိုင်းကို တယောက်တဝက်စီ ပိုင်ဆိုင် အသုံးပြု သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းဌေး က ဆက်လက်ပြောကြားသည်။
လက်ရှိအသုံးပြုနေသည့် SE-ME-WE-3 အင်တာနက် ဆက်ကြောင်းကို အသုံးပြုခဲ့သည်မှာ သက်တမ်း ကြာမြင့် နေပြီ ဖြစ်သဖြင့် အင်တာနက် ဆွဲအားကောင်းမွန်စေရန် ဆက်ကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“SE-ME-WE-5 ဆက်ကြောင်းသစ် တည်ဆောက်ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာ ဖြစ်သလို တရုတ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာဖြစ်လို့ ဆက်ကြောင်း နှစ်ခု အသုံးပြုပြီး နိုင်ငံတကာကို ထွက်တဲ့ ထွက်ပေါက်တခု ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ ဦးသန်းအောင် က ပြောကြားသည်။