စပါးခွံဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ရန် ဂျပန်မှ ယန်းသန်း ၁၃၀ ထည့်ဝင်မည်

စပါးခွံဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ရန် ဂျပန်မှ ယန်းသန်း ၁၃၀ ထည့်ဝင်မည်
by -
မဇ္စျိမ

စပါးခွံဓါတ်ငွေ့ အသုံးပြု လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စွမ်းအားမြှင့်တင်မှု သုတေသန စီမံကိန်း ဆောင်ရွက်ရန် ဂျပန်ဘက်မှ ယန်းသန်း ၁၃၀ (အမေရိကန်ဒေါ်လာ တသန်းခွဲခန့်) ထည့်ဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းကို ဂျပန်ဘက်မှ Bio-Fuel Co; နှင့် မြန်မာကုမ္ပဏီများဖြစ်သည့် Bio-Tech Co; နှင့်Tokyo Electric Power Company တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြမည်ဟု မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း က ပြောသည်။

“ဒီစီမံကိန်းအတွက် ဒေးဒရဲမြို့နယ် စံပြ ဆန်စက်မှာရယ်၊ ညောင်တုန်းမြို့နယ် ဒို့လယ်သမား ဆန်စက်မှာရယ် နမူနာ စမ်းသပ်လုပ်ကိုင်နေပါပြီ။ စီမံကိန်း အောင်မြင်ရင် ကျေးလက် မီးလင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး၊ စပါးခွံကို လောင်စာအဖြစ် ကျစ်ကျစ်လစ်လစ် သိုလှောင် အသုံးပြုနိုင်ရေး စတာတွေကို ဆက်ပြီး
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်ဝင်း က ဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့ တို့၏ ဦးဆောင်ပံ့ပိုး ကူညီမှုဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှလည်း မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ မြန်မာ နိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်း တို့မှလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံ စွမ်းအင်သစ်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့မှ ဂျပန်ယန်း သန်း ၉၀ (ဒေါ်လာ တသန်းကျော်)နှင့် Bio-Fuel ကုမ္ပဏီက ဂျပန်ယန်း သန်း ၄၀ (ဒေါ်လာ လေးသိန်းခွဲခန့်) ထည့်ဝင်ဆောင်ရွက်မည်ဖြစ်သည်။

အလားတူ မကြာမီ ဆောင်ရွက်မည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင် ပထမဆုံး ဆန်နှင့် ဆန်ထွက် ပစ္စည်း အဆင့်မြင့်ကုန်ထုတ်လုပ်မည့် စီမံကိန်းများတွင်လည်း စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ကာ စီမံကိန်းအတွင်းအသုံးပြု၍ ပိုလျှံသည့် လျှပ်စစ်ဓါတ်အားများကို အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဖြန့်ဖြူးသွားမည်ဖြစ် ကြောင်း သိရသည်။

Most read this week