ပြည်နယ် အနှံ့ ပေါ်ပေါက်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ပြဿနာ ရခိုင် လွှတ်တော်က စစ်ဆေး

ပြည်နယ် အနှံ့ ပေါ်ပေါက်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ပြဿနာ ရခိုင် လွှတ်တော်က စစ်ဆေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း များမကြာမီက ရွေးချယ် တင်မြှောက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်မူနှင့် ပတ်သက်ပြီး ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေရာ ရခိုင်ပြည်နယ် လွှတ်တော်မှ  စုံစမ်း စစ်ဆေးရေး အဖွဲ့ (၃) ခုဖြင့် ကွင်းဆင်း စစ်ဆေးနေသည်ဟု သိရသည်။

burma-300x168

စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခု ဒီဇင်္ဘာလ ၁၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် ပဥ္စမအကြိမ် ပုံမှန်အစည်းအဝေးက ဖွဲ့စည်းလိုက်ခြင်းဖြစ်ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။

ချမှတ်ထားသော စည်းကမ်း ဥပေဒများကို ချိုးဖေါက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွှေးချယ်တင်မြှောက် ခဲ့သည်ဟု ဆိုကာ ရခိုင်ပြည်နယ် အစိုးရသို့ တိုင်ကြားစာ အများအပြား ရောက်ရှိနေသည်ဟု သိရသည်။

စိစစ်ရေးအဖွဲ့သည် ယခုအခါ ရခိုင်ပြည်နယ် မြို့နယ်တချို့ကို သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ် နေသည်ဟု ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဥ္စရာသို့ ပြောသည်။

“လွှတ်တော်သို့ တိုင်ကြားစာနဲ့ ပတ်သက်လို့ စိစစ်ရေးအဖွဲ့က  အခု နယ်တွေကို ဆင်းပြီးစစ်ဆေးနေပါ တယ်။”

လွှတ်တော်မှ  ဖွဲ့စည်းပေးလိုက်သော စိစစ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ် ဦးမောင်လုံး ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ခွဲ သုံးဖွဲ့ ဖွဲ့ကာ ရခိုင်ပြည်နယ် မြို့နယ် တချို့တွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု သူက ပြောသည်။

“လွှတ်တော် စိစစ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်လုံးပါ။ အဖွဲ့ငယ်သုံးဖွဲ့ ခွဲပြီး သွားနေပါတယ်။ အဖွဲ့ ဥက္ကဌ ဦးမောင်လုံး ဦးဆောင်တဲ့ အဖွဲ့က ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်ကို သွားပါတယ်။ အဲဒီအဖွဲ့မှာ တပ်မတော်က ကိုယ်စားလှယ် သုံဦး ပါ၀င်ပါတယ်။ ဘူး သီးတောင်၊ ရသေ့တောင်နဲ့ မောင်တောကို ဦးထူးမင်း ဦးဆောင်တဲ့ အဖွဲ့က သွားရောက် စုံစမ်း စစ်ဆေး နေပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ကျေးရွာ အများအပြားတွင် အုပ်ချုပ်ရေးမှူး ရွှေးချယ်ရေးနှင့် ပတ်သက်ပြီး ပြဿနာပေါ်ပေါက် နေသဖြင့် အုပ်ချုပ်ရေးမှူးများကို အတည် မပြုနိုင်သေးဘဲ ဖြစ်နေသည်ဟု သိရသည်။

ယခင် အုပ်ချုပ်ရေးမှူး ဖြစ်သူက နောက် ရွှေးချယ်ခံရသူကို တာဝန် မလွှဲပြောင်းလို၍ တိုင်ကြားထားသည့် အမူများရှိသလို၊ ရွှေးချယ် တင်မြှောက်ရာတွင် နံပတ် (၂) နေရာမှ ရသူက ပထမ ရသူကို မကျေနပ်၍ တိုင်ကြားထားသည့်  အမူများလည်း ရှိကြောင်း သိရသည်။

အများစု တိုင်ကြားထားသည့်အမူများမှာ ဆယ်အိမ်ခေါင်း ရွှေးချယ်ရာက အစ ဥပဒေနှင့် မကိုက်ညီဘဲ မြို့နယ် အာဏာပိုင်များက မိမိသဘောနှင့် မိမိ ရွှေးချယ်သည်ဟု စွပ်စွဲထားသော အမူ များပြားကြောင်း သိရသည်။

အဆိုပါ စိစစ်ရေး အဖွဲ့များသည် တခြားမြို့နယ်များဖြစ်သည့် မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကိုလည်း သွားရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်က  ယခုုကဲ့သို့ အဖွဲ့များဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အနှံ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းသည် ရခိုင်လူထုအတွက် ကောင်းမွန်ပြီး အကျိုးရှိမည် ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြောသည်။

Most read this week