မကြာမီ သတင်း မီဒီယာ ဥပဒေ မူကြမ်း မီဒီယာသမားများသို့ ချပြမည်

မကြာမီ သတင်း မီဒီယာ ဥပဒေ မူကြမ်း မီဒီယာသမားများသို့ ချပြမည်
by -
မဇ္စျိမ

မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲလျက်ရှိသည့် ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်း ကို ယခုလ မကုန်မီ မီဒီယာသမားများသို့ ချပြမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် စာနယ်ဇင်းကောင်စီ(ယာယီ) ၏ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

စာနယ်ဇင်းကောင်စီ (ယာယီ)၏ သတင်းစာရှင်းလင်းပွဲတွင် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

"စာနယ်ဇင်းကောင်းစီ (ယာယီ)ကခုရေးဆွဲနေတဲ့ ပုံနှိပ်နဲ့ မီဒီယာဥပဒေမူကြမ်းက ဒီလနှောင်းပိုင်းမှာ အလုပ်ရုံ
ဆွေးနွေးပွဲလုပ်တဲ့အခါ မီဒီယာအားလုံးကို ဖိတ်ခေါ်မယ်။ မီဒီယာလောကသားတွေရဲ့ ဖိတ်ခေါ်အကြံပေးချက်
ဖြည့်စွက်ချက်တွေအားလုံးကို ဆွေးနွေးပြီး ပြန်ကြားရေး မှတဆင့် လွှတ်တော်ကို ပြန်တင်ပြမယ်" ဟု ဦးကျော်မင်းဆွေမှ မဇ္စျိမသို့ပြောသည်။

ပြန်ကြားရေးဝန်ကြီးအနေဖြင့် မီဒီယာဥပဒေမူကြမ်းရေးဆွဲရေးနှင့် ပတ်သတ်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ၏ သဘောအတိုင်း ဖြစ်စေရမယ်လို့ ပြောထားသဖြင့် လာမည့်အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာသမား များ၏ အကြံပေးချက်၊ ဖြည့်စွက်ချက်များကို စာနယ်ဇင်းကောင်စီ (ယာယီ)မှ တင်ပြပေးသွားမည်ဟုလည်းပြောသည်။

မီဒီယာဥပဒေကို  ရေးဆွဲရသည့်  ရည်ရွယ်ချက်မှာ လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်ကို အာမခံရန်၊ သတင်းသမားများ သာမက ပြည်သူလူထုပါ ကာကွယ်ရန်ရည်ရွယ်၍  ယင်းဥပဒေကို ရေးဆွဲခြင်း ဖြစ်သည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ)၏ ပြန်ကြားရေး ကော်မတီတာဝန်ခံ  ဦးသီဟစောက ပြောသည်။

ယခင်ပြန်ကြားရေး ၀န်ကြီးလက်ထက်တွင် မီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှသာရေးဆွဲပြင် ဆင်ခဲ့ ကာ မီဒီယာလောကသားများအား ချပြခဲ့ခြင်းမရှိပေ။ ၎င်းနောက်ပြန်ကြားရေး ၀န်ကြီးအပြောင်းအလဲ ဖြစ်ပြီး ၀န်ကြီးသစ် ဦးအောင်ကြည်လက်ထက်တွင် မီဒီယာဥပဒေမူကြမ်းကို မီဒီယာသမားများပါ၀င် ရေးဆွဲ ခွင့်ပြုခဲ့သည်။ ယခုချပြမည့် မီဒီယာ ဥပဒေမူကြမ်းမှာ စာနယ်ဇင်းကောင်စီ(ယာယီ) ရေးဆွဲသည့် သုညမူကြမ်းဖြစ်သည်။

ယင်းသုညမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ကာ လွှတ်တော်သို့ မတင်ပြမီ မီဒီယာ သမားများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပါ၀င်သည့် မီဒီယာ ဖိုရမ် တစ်ခုကျင်းပကာ အကြံဉာဏ်များ ရယူသွားဦးမည်ဟု ၀န်ကြီး ဦးအောင်ကြည်က ယမန်နှစ် စက်တင်ဘာလ မီဒီယာ အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အား ၂၀၁၂ခုနှစ်တွင် အဖွဲ့ဝင် နှစ်ဆယ့်ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကောင်စီ အစည်းအဝေးများကို ဆယ်ကြိမ်နှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများကို အကြိမ်ကြိမ်ထိုင်ကာ သတင်းမီဒီယာ များ၏ အငြင်းပွားမှု တိုင်ကြားမှုတို့ကို ညှိနှိုင်းပေးခဲ့သည် ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ ဥက္ကဌ ဦးခင်မောင်အေးမှ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

Most read this week