ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ အထွက် ကားမိုင်း ကျေးရွာအဝင်၌ အစိုးရစစ်ယာဉ်တန်း ကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ ယမန်နေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက် လိုက်သည်ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောသည်။
“အစိုးရ တပ်တွေ မလှုပ်ရှားဘူး ဆိုရင်တော့ ကျနော်တို့လည်း မပစ်ပါဘူး။ အခုတက်လာတဲ့ယာဉ်တန်း ကတော့ စစ်ယာဉ် တန်းဆိုတော့ တိုက်ရတာပေါ့။ ကားတန်းကို မိုင်းနဲ့ ခွဲပစ်လိုက်တာပါ။ အစိုးရဖက်ကတော့ (၃) ယောက်လောက် ထိခိုက် တယ်လို့တော့ ကြားရပါတယ်။ ဒီလို တိုက်ခိုက်လိုက်တဲ့ အတွက် သူတို့က ရွာသားအိမ်တွေကို မီးလိုက်ရှို့တယ်ဗျ။” ဟု ဆိုသည်။
အစိုးရ တပ်များ ယခုကဲ့သို့ အတိုက်ခိုက် ခံရသဖြင့် လုံးခင်း-ကားမိုင်း လမ်းကြောင်းပေါ်ရှိ လောခန်းရွာသား ဦးလဖိုင်ရာဆိုင်း အိမ်အား မီးရှို့ လိုက်သဖြင့် အနီးရှိ အိမ် ၃ လုံး အပါအဝင် သစ်ခွဲစက်၊ ဆိုင်ကယ်တစီး၊ စက်ဘီးတစီး မီးလောင် သွားကြောင်း သိရသည်။
KIA မိုင်းခွဲသော နေရာမှာ ကားမိုင်းရှိ ကျောက်စိန်တောင် ကုမ္မဏီ အနီးတွင် ဖြစ်၍ အစိုးရတပ်မှ ကားအစီးရေ (၄၀) ခန့်က ကျည်ဆံနှင့် ရိက္ခာများ တင်ဆောင်လာသည်ဟု သတင်းရသည့်အတွက် မိုင်းဖြင့်ဆီးကြို တိုက်ခိုက် လိုက်ခြင်းဖြစ်ကြောင်း မိုင်းခွဲခဲ့သော KIA တပ်ရင်း (၆) ၏ တပ်ခွဲ (၂) မှူးက ဆိုသည်။
သို့သော် ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရသေးပါ။
ကားတန်းတွင် လုံခြံုရေး လိုက်ပါလာသော အစိုးရ တပ်များသည် ယခင်က လမ်းလုံခြုံရေးအတွက် တာဝန် ယူနေကျ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ တပ်သစ်ဖြစ်ဖွယ် ရှိသည်ဟု KIA ဖက်က ယူဆထားသည်။
အစိုးရ တပ်မ (၃၃) တပ်ရင်း အချို့နှင့် တပ်မ (၇၇) မှ တပ်ရင်း အချို့တို့ KIA တပ်မဟာ (၂) ဒေသအား ထိုးစစ်ဆင်ရန် လာရောက်ဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသလို ကာမိုင်း-လုံခင်း ကားလမ်းကို အရပ်သားများ အသုံးမပြုရန် အစိုးရတပ်က ပိတ်ပင်ထားကြောင်း သိရသည်။