ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ပြီး ဒေသနှင့် သင့်လျော်သည့် စီးပွားရေး လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့သည် ထိုင်းနိုင်ငံရှိ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် စသည်တို့ကို သွားရောက် လေ့လာခဲ့ကြောင်း ခရီးစဉ်အတွင်း လိုက်ပါလာသည့် စီးပွားရေး လုပ်ငန်းရှင်နှင့် နီးစပ်သူတို့က ပြောသည်။
ဇန်နဝါရီလ ရ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခရီးစဉ်တွင် တိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဒု-ဝန်ကြီး ဦးဘုန်းဆွေ၊ တိုင်း ဥပဒေချုပ် ဦးစိုးမြင့် အပါအဝင် အစိုးရအဖွဲ့မှ ၈ ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် ၄ ဦး ပါဝင်သည်။
ထားဝယ်နှင့် လောင်းလုံဒေသ ဖွံ့ဖြိုးရေးအတွက် ဇန်နဝါရီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကတ်ကမ်းခြေသို့ သွားရောက်ခဲ့ပြီး သဘာဝ ငါးပြတိုက်၊ ဝါလက် ငါးဖမ်းစက်လှေများ၊ အပမ်းဖြေ ကမ်းခြေများနှင့် ကျွန်းများသို့ သွားရောက် လေ့လာခဲ့ကြသည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင် ထားဝယ် လုပ်သား အများအပြား အလုပ်လုပ်ကိုင်နေသည့် မဟာချိုင်သို့ သွားရောက်ကာ ထားဝယ်ဒေသ၌ လုပ်ကိုင်နိုင်မည့် စီးပွားရေး အခွင့်အလမ်းများကို လုပ်သားများအား ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ မတ်တပွတ် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်သို့ သွားရောက်လေ့လာခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မေတ္တာမြို့နယ်ခွဲနှင့် တောင်သုံးလုံးဒေသ ဖွံ့ဖြိုးရေးအတွက် ချင်းမိုင် အပန်းဖြေစခန်းများသို့ သွားရောက် လေ့လာခဲ့ကြသည်။
“အစိုးရချင်း ချိတ်ဆက်ပြီး လာလည်တဲ့ ပုံစံမဟုတ်ဘူး။ ရဲတွေ ဘာတွေလည်း လိုက်ပို့တာ မရှိဘူး။ မဟာချိုင်က လွဲလို့ ကျန်တဲ့ နေရာကို သွားလေ့လာတာ သူတို့ အားရကျေနပ်မှု ရှိတယ်လို့ ကျနော့်ကို ပြောတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်နှင့် နီးစပ်သူက ပြောသည်။
ထားဝယ်လုပ်သားများနှင့် တွေ့ဆုံရန်အတွက် သွားရောက်ခဲ့သည့် မဟာချိုင် ခရီးစဉ်တွင် စက်ရုံ မန်နေဂျာက အချိန်မစေ့မီ အလုပ်သမားများကို လွှတ်လိုက်သည့်အတွက် လုပ်သားများနှင့် လုပ်ငန်းခွင်အတွင်း တွေ့ဆုံခွင့် မရခဲ့ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း လေ့လာရေး ခရီးစဉ်တလျှောက်တွင် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ(ITD) က တာဝန်ယူ စီစဉ်ပေးခဲ့သည်။
ယခုလေ့လာရေး ခရီးစဉ်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် တို့ ထားဝယ် အထူးစီးပွားရေးဇုန်သို့ သွားရောက် လေ့လာပြီးနောက်ပိုင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် ပထမဆုံး ထိုင်းနိုင်ငံ လေ့လာရေး ခရီးစဉ် ဖြစ်သည်။