တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရောက် ကချင်ပူးပေါင်းအဖွဲ့ ၂၃ ဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သတ်၍ တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာကို ပေးပို့လိုက်ခြင်း ဖြစ်သည်။
“ပထမဆုံးအနေနဲ့ ကျမတို့ ပို့လိုက်တဲ့စာအပေါ်မှာ သူ ဘယ်လို တစုံတရာ သုံးသပ်ချက် ပေးချင်တယ်ဆိုတာ သိချင်တယ်။ ခုချိန် ကြောက်စရာ၊ စိုးရိမ်စရာ ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပြီ။ အစိုးရတွေကို သူ့အနေနဲ့ ပြောပေးနိုင်ဖို့မျှော်လင့်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။
ကချင်စစ်ပြေး ဒုက္ခသည်များ၏ မလုံခြံုမှု ပိုဆိုးရွားလာသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ဘယ်သို့ထင်မြင်ကာ ဘယ်လို စိတ်ကူး လုပ်ဆောင်ချက်များ ရှိနေသလဲဆိုတာ သိနိုင်ရန် မျှော်လင့်ကြောင်း ဒေါ်မွန်းနေလီ က ပြောသည်။
“သူ့ ရင်ထဲမှာ ဘာရှိနေတယ် ဆိုတဲ့ဟာကို ကျမတို့ ကချင်အဖွဲ့တွေအနေနဲ့ မျှော်လင့်ပြီး စာပြန်ပို့တာပါ” ဟု မဇ္စျိမကိုပြောသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အား တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်သို့ စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန် ကချင်ပူးပေါင်း အဖွဲ့မှ ဖိတ်ခေါ်သည့် အိတ်ဖွင့်ပေးစာအပေါ် တုန့်ပြန်လာခြင်း မရှိသေး၍ ထပ်မံ ပေးပို့လိုက်ခြင်းဖြစ်သည် ဟုသိရသည်။
မျှော်လင့်ချက်ဖြင့် အိတ်ဖွင့်စာပို့ခဲ့သော်လည်း ၅ လကျော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမှ မရှိသည့်အပေါ် အားမလို အားမရ ဖြစ်ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များသမဂ္ဂ(AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။
“ဒီ ၅ လ အတောအတွင်း IDP အခြေအနေ ပိုဆိုးလာတယ်။ တိုက်လေယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ တိုက်လာတယ်ဆိုတော့ ပိုဆိုးလာတဲ့ အခြေအနေဖြစ်တယ်။ ခုအခြေအနေ လက်တွေ့ပိုင်းမှာ တစုံတရာ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ ပြောဆိုမှုတွေ လိုအပ်တယ်။ ဒီအချိန်က အရေးပေါ် အခြေအနေ ဖြစ်နေပြီ” ဟု မဇ္စျိမကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တနှစ်ကျော် ကြာလာသော်လည်း KIO နှင့်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုအပေါ် ဆွေးနွေးမှု မရှိသဖြင့် ယခု အခြေအနေတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေလိုပြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် အနေဖြင့် ငြိမ်းချမ်းရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကိုနော်ဆန့် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာစစ်တပ်နှင့် KIO တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ ၎င်းထံ တရားဝင် ကမ်းလှမ်းရန် လိုအပ်သည်ဟု ဇန်နဝါရီလ ၆ ရက်နေ့က ပြောဆိုထားသည်။