ရန်ကုန်တိုင်း အင်းစိန် ဆေးဝင်္ကဘာကျောင်း၊ အာလိန်ငါးဆင့်ဘုရားရှိ မဟာရန်ကုန် အတိုင်းအတာဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့၌ ကျင်းပမည့် ရ၅ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုး သား အစည်းအရုံး-KNU အား ဖိတ် ကြားထားခြင်း မရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ယမန်နေ့က ပြောသည်။
ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူး စောလှထွန်းက “ကျနော်တို့ နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီအနေနဲ့ KNU ကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဘာဖြစ်လဲဆိုရင် ဒီပွဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း မျိုးကို ဖိတ်ကြားတဲ့အစီအစဉ် မရှိပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ မူ ၅ချက် ချမှတ် ထားရာတွင် အရေးကြီးဆုံးတစ်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအ ရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်းနှင့် ဘာသာရေးအရ အမြတ်ထုတ်ခြင်း အလျဉ်းမရှိစေရ ဆိုသည့်အချက် ကြောင့် KNU အား မဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှု ၅ချက်ထဲက ပြန်ကြည့်ခြင်းအားဖြင့် ဘယ်နိုင်ငံရေးအဖွဲ့အစည်းမျိုးမှ လာလို့မရဘူး။ ဒါပေမယ့် ဒီကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးပဲဖြစ်ဖြစ်၊ မြန်မာလူမျိုးပဲဖြစ်ဖြစ် လာလို့တော့ရတယ်။ ပြည်သူတယောက်အနေနဲ့ ဒါမှမဟုတ်ရင် ဧည့်သည်တစ် ယောက်အနေနဲ့ လာလို့ရတယ်”ဟု စောလှထွန်းက ဆက်ပြောသည်။
အာလိန်ငါးဆင့်တွင် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတွင် ပွဲကျင်းပရေးကော်မတီဝင်များက စည်းကမ်းချက် ထုတ်ထားပြီဖြစ်သလို ၎င်းတို့သည် နိုင်ငံရေးကိစ္စများနှင့် အငြိအစွန်းမခံချင်ကြောင်းနှင့် အစိုးရဘက်မှလည်း နိုင်ငံ ရေးပုဒ်မဖြစ်သည့် ၁၇/၁ မရုပ်သိမ်းသေးခဲ့သည့်အပေါ် KNU အား မဖိတ်ကြားသည်ကို နားလည်ပါ ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
သို့သော် ရန်ကုန်တိုင်းရှိ ကရင်လူမျိုးများနေထိုင်ရာ အလုံနှင့် ပန်းတနော်တို့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်များတွင် KNU မှ တက်ရောက်ဆင်နွှဲရန် အစိုးရ ဖက်က ဖိတ်ကြားထားသည်ဟု ပဒိုစောကွယ်ထူးဝင်းက ယခုလို ပြောဆိုသည်။
၎င်းက “ကျနော်တို့ကို ၀န်ကြီးဦးအောင်မင်းက အလုံမှာလုပ်မယ့် ကရင်နှစ်သစ်ကူးပွဲကို တက်ရောက်ဖို့ ဖိတ်စာနဲ့ အရင်လ ဒီဇင် ဘာလ ၂၅ ရက်နေ့မှာ ဖိတ်ကြားထားတယ်။ နောက် ကျနော်တို့ အခုရက်ပိုင်းမှာ သမ္မတဦးသိန်းစိန် ဖိတ်ကြားချက်အရ သွားတဲ့ ခရီးစဉ်မှာ ပန်းတနော်နဲ့ လေးဒို့မှာ လုပ်မယ့် နှစ်သစ်ကူးပွဲတက်ဖို့ ပွဲကျင်းပရေး ကော်မတီတွေက ကျနော်တို့ကို ဖိတ်ထားတာရှိ တယ်”ဟု ပြောသည်။
အဆိုပါဖိတ်ကြားမှုအပေါ် KNU မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောသမိန်ထွန်းနှင့် ပဒိုမန်းငြိမ်းမောင်တို့ ပါ၀င်ဆင်နွဲ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကရင်နှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ဘုရားကြီးဝင်း၌ လည်းကောင်း၊ အလုံမြို့ နယ် အထက (၁)အလုံကျောင်းဝင်း အတွင်း၌လည်းကောင်း၊ မြောက်ဥက္ကလာမြို့နယ်၌လည်းကောင်း နှစ်စဉ်ကျင်းပလေ့ရှိပြီး ပွဲ တော်ရက်အဖြစ် ၂ ရက်မှ ၃ ရက်ကြာအထိ ပြုလုပ်လေ့ရှိသည်။
ပဲခူးတိုင်းရှိ ကျောက်ကြီးမြို့နှင့် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် ကစိုကျေးရွာတွင် ကျင်းပမည့် ကရင်နှစ်သစ် ကူးပွဲတွင် ပွဲဖြစ်မြောက်ရေးကော်မတီများက KNU ကို ဖိတ်ကြားထားပြီး ကစိုကျေးရွာ နှစ်သစ်ကူးပွဲတော်တွင် KNU ဥက္ကဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောဂျော်နီအပြင် နယ်ခြားစောင့်တပ် အမှတ်(၃) တိုက်နယ်မှူး စောချစ်သူတို့ လည်း တက်ရောက်ကြမည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကရင်ပြည်နယ်အပြင် အခြားဒေသတွင် ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်သို့ KNU မှ ယခု ပထမဆုံး တက်ရောက်ခြင်း ဖြစ်ပြီး ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်လူမျိုးတို့၏ နှစ်သစ်ကူးနေ့အဖြစ် ပြီးခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉ (ခရစ်နှစ် ၁၉၃၇)ခုနှစ်မှ စတင်ကာ ယခုအချိန်ထိ နှစ်စဉ်တရားဝင် ကျင်းပခွင့်ပြုလာခဲ့သည်။