မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် ဂျေ မစ်ချဲလ်၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံး အကြိမ် ခရီးစဉ်အဖြစ် ဇန်နဝါရီလ (၁၁) ရက်နေ့ စတင်မည် ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
မစ္စတာ မစ်ချဲလ်၏ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ အထိ သုံးရက်တာ ကြာမြင့်မည့် ခရီးစဉ် အတွင်း၌ အစိုးရအရာရှိများ၊ လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ကြေညာချက်၌ ပါရှိသည်။
မွန်ပြည်သစ် ပါတီနှင့် ကရင် အမျိုးသား အစည်းအရုံးတို့အား ဇန်နဝါရီ (၁၂) ရက်နေ့၌ တွေ့ဆုံရန် ချိန်းဆို ထားကြကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
“အရင်တုန်းကလည်း တစ်ခါ တွေ့ဖို့ ချိန်းထားတယ်၊ မဖြစ်ပဲ ပျက်သွားတယ်၊ အခုလည်း ဘယ်လို လာဦးမလား မသိဘူး။ ဆွေးနွေးမယ့် အပိုင်းကတော့ သူတို့ ဘာတွေ ဆွေးနွေး မလဲ ဆိုတဲ့အပေါ် ကြည့်ပြီးတော့ ဆွေးနွေးရမယ်” ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်း ဆက်ဆံရေး တာဝန်ခံ နိုင်တလညီ က ပြောသည်။
ထို့အတူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းမှလည်း နှစ်သစ်ကူးနေ့တွင် တွေ့ဆုံမည် ဟုပြောထားပြီး ပြည်တွင်းနိုင်ငံခြားရေး တာဝန်ခံ ဗဒိုအောင်ဝင်းဆွေ ပါဖို့သေချာကြောင်း ဆိုသည်။
“အချိန်ကလည်း အရမ်း ကပ်နေတော့ စီစဉ်ရ ခက်နေတယ်၊ ကျနော်တို့ ခေါင်းဆောင် အချို့လည်း တွေ့ချင်ပါတယ်၊ ဘားအံ ဆက်ဆံရေး ရုံးမှာ တွေ့ဖို့ ချိန်းထား ပါတယ်” ဟု ဗဒို ကွယ်ထူးဝင်း က ပြောသည်။
နှစ်ဖက် ခေါင်းဆောင်များမှ အဓိက အားဖြင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှုများ
ပြဿနာရပ်များကို လာရောက် လေ့လာချင်သည့် သဘော ရှိသည်ဟု သုံးသပ်ကြောင်းလည်း မဇ္စျိမအား ပြောကြား ခဲ့သည်။
မစ္စတာ မစ်ချဲလ်သည် သံအမတ်ကြီးအဖြစ် လွန်ခဲ့သည့်နှစ် ဇွန်လက ခန့်အပ်ခံခဲ့ရသည်။ ထိုစဉ်ကသံအမတ် ကြီးအဖြစ် ခန့်အပ်ခံရခါစ ဒဲရက်မစ်ချဲလ်က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ သွားရောက် ခဲ့ပြီး ဒုက္ခသည် စခန်းများတွင် အမေရိကန်နိုင်ငံမှ လူသားချင်း စာနာမှု အကူအညီများကို ဒေါ်လာ သန်းနှင့်ချီ ပေးအပ်ခဲ့သည်။
ထို့အတူ ယခု ခရီးစဉ် အတွင်း ပြည်နယ်များတွင် နေထိုင်ကြသူများ ကြံုတွေ့နေရသော ကိစ္စများ၊ လက်နက် ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ အစိုးရကြားရှိ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးနေမှု အခြေအနေနှင့် လတ်တလော ဖြစ်ပေါ် တိုးတက်နေမှုများကို ဆွေးနွေးသွားနိုင်ရန်အတွက် မျှော်လင့်ထား ကြောင်း သံရုံး ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။