မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုများ ပပျောက်စေရန်နှင့် နိုင်ငံတော် သမ္မတ၏ မူဝါဒများအား အကောင် အထည် ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် 'လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မီတီ' အား တနင်္လာနေ့က ဖွဲ့စည်း လိုက်သည်။
'ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ' ဖြစ်ပေါ်စေရန် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန် ပေးအပ် ခြင်းခံရသည့် ဦးရဲထွဋ် က အခုလို ပြောဆိုသည်။
“အဂတိ လိုက်စားမှုတွေ ပပျောက်အောင် လုပ်မယ်လို့လည်း သမ္မတက နေပြီး အကြိမ်ကြိမ် ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် ကုန်ခါနီး ကျနော်တို့ အစိုးရဝန်ကြီးများနဲ့ ဌာနဆိုင်ရာ အကြီးအကဲများကို ပြောတဲ့ အစိုးရအဖွဲ့ အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာလည်း ဒီကိစ္စကို ထပ်ပြောပါတယ်။ အခု ဖွဲ့တဲ့ ကော်မတီကတော့ သမ္မတကြီးရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့တာ ဖြစ်တယ်” ဟု ဦးရဲထွဋ် က မဇ္စျိမကို ပြောသည်။
သမ္မတ ရုံး၏ အမိန့် ကြေငြာစာ အမှတ် ၉/၂၀၁၃ ဖြင့် တနင်္လာနေ့က ဖွဲ့စည်းလိုက်သည့် အဆိုပါ ကော်မတီ၌ ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးများ ဖြစ်သည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင်သည်။
နိုင်ငံများ၏ အဂတိ လိုက်စားမှု အခြေအနေကို စာရင်းပြုစုခဲ့သည့် Transparency International ၏ ၂၀၁၁ ခုနှစ်၊ အစီရင်ခံစာ၌လည်း မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှု အများဆုံး နိုင်ငံ စားရင်းဝင်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကာ အာဖဂန်နစ္စတန်နိုင်ငံနှင့် အတူ အဆင့် ၁၈၀ တွင် တည်ရှိသည်။
ယခုဖွဲ့လိုက်သည့် ကော်မီတီ ထိရောက်စွာ အလုပ်လုပ် နိုင်ရန်အတွက် ဥပဒေပြုရေး၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ခြင်း၊ တိုင်ကြား မှုများကို စစ်ဆေး အရေးယူသည့် လုပ်နည်း စနစ်များကို ပြည်လည် သုံးသပ်ကာ လိုအပ်မည့် မူဝါဒလုပ်နည်း စနစ်များ ယေဘူယျ ရည်မှန်းချက် သတ်မှတ်ကာ တာဝန် ပေးအပ်ထားခြင်းများ ရှိသော်လည်း အသေးစိတ် လုပ်ငန်းတာဝန်များမှာ ဥက္ကဋ္ဌမှ ကော်မီတီ အစည်းအဝေး ခေါ်ယူပြီး နောက်ပိုင်းမှသာ သိရှိနိုင်မည်ဟု ဆိုသည်။
ကော်မီတီ အစည်းအဝေး ခေါ်ယူမည့် နေရက်ကိုလည်း လောလော ဆယ်၌ မသတ်မှတ် ရသေး ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ဆိုသည်။
မြန်မာ နိုင်ငံတွင် အဂတိ လိုက်စားမှုမှာ ကာလကြာရှည်စွာ အမြစ်တွယ် လာသည့် အနေအထား ဖြစ်ကာ အမြစ်
ပြတ် တိုက်ဖျက်နိုင်ရန်မှာ စဉ်ဆက်မပြတ် လုပ်ဆောင် သွားရမည့် လုပ်ငန်းစဉ် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“လူရှိနေတဲ့ အတွက်ကြောင့် ဒီပြဿနာတွေက ရှိနေမှာပဲ။ အဂတိ လိုက်စားမှုတို့၊ လာဘ်ပေး လာဘ်ယူမှုတို့ ဘယ်အချိန်မှာ အမြစ်ပြတ်အောင် ဖြေရှင်းဆိုတာက ကျနော်တို့ အမြဲတမ်း လုပ်သွားရမယ့် လုပ်ငန်းစဉ်ကြီးကို။ ဒီမိုကရေစီ နိုင်ငံတွေတောင်မှ ဒီပြသနာတွေ ဖြစ်လို့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် ဖြေရှင်းခြင်း၊ လုပ်ထုံး လုပ်နည်းတွေ ပြုပြင်ခြင်းတွေ လုပ်နေရသေးတာပဲ။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်ဖို့အတွက် ဒီလုပ်ငန်း စဉ်ကြီးက စဉ်ဆက်မပြတ် လုပ်နေရမယ့် လုပ်ငန်းလို့ပဲ ကျနော်တို့ ခံယူထားပါတယ်” ဟု ဦးရဲထွဋ် က ပြောသည်။
ယခုကဲ့သို့ ကော်မီတီ ဖွဲ့၍ လုပ်ဆောင်ရခြင်းမှာလည်း ဖြစ်ပေါ်လာသည့် အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူ မှုများ ဖြစ်ပွားလာပါက ကိုင်တွယ်နိုင်ရန်အတွက် မှန်ကန်သည့် ကိုင်တွယ်မှုစနစ်၊ လုပ်ထုံးလုပ်နည်း များ၊ အရေးယူ မှု စနစ်များ ပေါ်ပေါက်လာရန် ရှေးရှူခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဤကော်မီတီ ဖွဲ့စည်းခြင်း သည်လည်း ပြည်ထောင်စု အစိုးရ အဖွဲ့များ အနေဖြင့် သမ္မတ ကြီး၏ မူဝါဒများအား မဖြစ်မနေ အကောင်အထည် ဖော်ကြရန် စိတ်ပိုင်းဖြတ်ထားသည့် အပေါ် မိမိတို့၏ Political will (ပြင်းပြသောနိုင်ငံရေးဆန္ဒ) ကို ပြသသည့် ထုတ်ဖော် ခြင်းလည်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောဆိုသည်။