ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု

ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု
by -
မဇ္စျိမ

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅ ကြိမ်မြောက် 'ကချင်ပြည်နယ်နေ့'တွင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်ခွင့်ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲဲမှူးက အခါကြီးရက်ကြီးဖြစ်၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။  

“ခွင့်တောင်းတာ ၁၀ ရက်နေ့ မရဘူး။ အဲဒီနောက်ပိုင်းမှ ပြန်တင်ပါတဲ့။ ကျမတို့ ဟောပြောပွဲလည်း လုပ်မယ်။ စီတန်းလှည့်လည်မယ်။ ကျမတို့က နည်းဥပဒေအတိုင်း မြို့နယ် ရဲတပ်ဖွဲ့ဲမှူးဆီတင်တာပါ။ ကချင်ပြည်နယ် နေ့ဖြစ်နေလို့ ခွင့်မပြုဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန် မြန်မာအစိုးရနှင့် ကချင်
လွတ်လပ်ရေးအဖွဲ့ KIO တို့အား တောင်းဆိုဖို့ ဖြစ်ကြောင်း သူက ဆက်ပြောသည်။ "အခါကြီးရက်ကြီးဖြစ်၍" ဟု အကြောင်းပြသော်လည်း အစိုးရ ထုတ်ပြန်ထားသည့် နည်းဥပဒေများသည် ပြည်သူလူထုအတွက် တင်းကြပ်လွန်းသည်ဟု သူမက ဝေဖန် ထောက်ပြသည်။  

လူထုနှင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် စတင်ကျင်းပသော ပြည်ထောင်စု လွှတ်တော်
စည်းဝေးသို့ သုံးရက်ပျက်ကွက်ခွင့်ပြုရန် တင်ထားသည့် ဒေါ်ဒွဲဘူက တိုက်ပွဲများ ပြင်းထန်သည့်ကိစ္စကို ၎င်း
လွှတ်တော် တက်ရောက်သည့်အခါ တင်ပြသွားမည်ဟု ပြောသည်။  

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ ကျင်းပလိုကြောင်း
ပြောဆိုမှုအပေါ် စစ်ပြေးဒုက္ခသည်များ ဝမ်းနည်းနေရချိန်တွင် မကျင်းပရန် ကချင်ခေါင်းဆောင်များက ကန့်ကွက် ထားသည်။  

ထို့ပြင် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြည်ထောင်စု အစိုးရသို့ “ကချင်ပြည်နယ်နေ့” ရုံးပိတ်ရက် သတ်မှတ်ပေးရန် တင်ပြထားပြီး ဖြစ်၍ ထိုကချင်ပြည်နယ်နေ့ကို ကြိုဆိုသော အားဖြင့် ကချင်မနောပွဲ ကျင်းပရန် ပြောဆိုမှုကိုလည်း လူထုက လက်မခံခဲ့ပေ။  

ထို့ကြောင့် ၆၅ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ် အစိုးရရုံးရှေ့တွင် လူထုအစည်းအဝေး ကျင်းပပြီး ညနေပိုင်းတွင် ဂုဏ်ပြု ညစာစားပွဲသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။  

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်၍ ကချင်ရိုးရာ ထုံးတမ်းစဉ်လာအရ မနောပွဲတော်ကို “ကချင်ပြည်နယ်နေ့” အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းကြီးတွင် စတင် ကျင်းပခဲ့သော်လည်း ၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် ကျင်းပနိုင်ခြင်း မရှိတော့ပေ။