တာ့ဆန်းစီမံကိန်းအစား မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းစတင်

တာ့ဆန်းစီမံကိန်းအစား မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းစတင်
by -
သျှမ်းသံတော်ဆင့်

တရုတ်ကုမ္ပဏီ ဦးဆောင်မှုဖြင့် ရပ်တန့်ထားသည့် တာ့ဆန်းရေအား လျှပ်စစ်စီမံကိန်း၏ အထက်ဘက် ၁၀ မိုင်ခန့်အကွာတွင် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း စတင်တည်ဆောက်နေကြောင်း ဒေသခံများက ပြောသည်။

 သမ္မတရုံး

“ရောက်နေတာတော့ကြာပြီ။ ဒါပေမယ့်တရားဝင်အလုပ်က အခုလဆန်းပိုင်းကဘဲပြန်စတယ်လို့ပြောတယ်။ အခုကတရုတ်တွေလဲထပ်ရောက်လာတယ်။ ကျွမ်းကျင်ပညာရှင်အဆင့်တွေပေါ့။ တခြားဒေသခံတွေကတော့ အောက်ခြေအလုပ်သမားတွေ၊ အားလုံးအယောက် ၂၀၀ လောက်ရှိမယ်” - ဟု ဒေသခံ စိုင်းမောင်ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် - မိုင်းတုံကြားရှိ သံလွင်မြစ် တာ့ဆန်း ရေအားလျှပ်စစ်စီမံကိန်းအား ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှစ၍ ရပ်ဆိုင်းခဲ့ပြီး ယင်းစီမံကိန်း အစား ထိုနေရာ၏ အထက်ဘက် ၁၀ မိုင်သို့ ပြောင်းရွှေ့ကာ (အထက်သံလွင်) မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအမည်ဖြင့် ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။

ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့်အဖွဲ့က တရုတ်နိုင်ငံပိုင် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) တို့မှ တာဝန်ရှိသူများနှင့် နေပြည်တော် သမ္မတအိမ်တော်၌ ယခုနှစ် ဂျန္နဝါရီ ၁ ရက် နေ့က တွေ့ဆုံ၍ ရေအား၊ လေအားတို့ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး အတွက်လေ့လာစူးစမ်းမှုများ ဆွေးနွေးခဲ့သည်ဆိုသည့် သတင်း နေပြည်တော်အစိုးရက ထုတ်ပြန်ပြီးနောက် ယခုစီမံကိန်းများ စတင်ဖေါ်ဆောင်လာခြင်း ဖြစ်သည်။

တာ့ဆန်းစီမံကိန်း စမ်းသပ်အကောင်အထည်ဖေါ်နေသည့် တရုတ်အင်္ဂျင်နီယာသုံးဦးအား အမည်မသိအုပ်စု တခု က ၂၀၁၁ မေလ မှ ဩဂတ်လ်ပိုင်းအထိ သုံးလကျော် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း တာ့ဆန်း ရေအားလျှပ်စစ်စီမံကိန်းလည်း ရပ်တန့်ထားခဲ့ရသည်။

တာ့ဆန်းစီမံကိန်းနှင့်ပတ်သက်ပြီး မိုင်းပန်ပြည်သူ့လွှတ်တော် အမတ် ဦးထွန်းမြင့်ဦးက (၇/၁၀/၁၂ ရက်က) မေးမြန်းရာမှာ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ စူးစမ်းလေ့လာ မှုများပြုလုပ်နေဆဲ အချိန်သာဖြစ်ပါကြောင်းနှင့် မည်သည့် ကိစ္စကိုမှ လုပ်ဆောင်ခြင်းမရှိသးပါကြောင်း ဖြေကြားခဲ့ဖူးသည်။

သိကျွမ်းနားလည်သူအချို့ကမူ လူထုတောင်းဆိုချက်ကြောင့် တာ့ဆန်းဆည်ရပ်နားခြင်းမဟုတ်ဘဲ ဆည်တည် ဆောက်ရန် မြေစိုင်ကျောက်စိုင်မခိုင်ခံ့မှုကြောင့် အထက်သို့ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာ့ဆန်းရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အားပမာဏ ရ၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုစီမံကိန်းကြောင့် ၁၉၉၆ မှစ၍ ရွာပေါင်း ၁၅၀၀၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာခဲ့ရသည်ဟု သျှမ်း လူ့အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကပြောသည်။

Most read this week