မီဇိုရမ်ပြည်နယ်ရှိ ယက္ကန်းသမား လျော့့နည်းလာ

မီဇိုရမ်ပြည်နယ်ရှိ ယက္ကန်းသမား လျော့့နည်းလာ
by -
ခိုနူမ်းထုန်

မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်ရှိ ယက္ကန်းသမားများ မြန်မာနိုင်ငံသို့ ပြန်လာကြသဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ယက္ကန်းသမားများ သိသိ သာသာ လျော့နည်းလာကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေး ပြောင်းလဲလာခြင်း၊ ငွေလှဲနှုန်းကျဆင်းခြင်းနှင့် မြန်မာနိုင်ငံအတွင်း ယက္ကန်း လုပ်ငန်းများ ပိုမိုဖြစ်ထွန်း ကောင်းမွန်လာခြင်းတို့ကြောင့် ယက္ကန်းသမား လျှော့နည်း လာခြင်း ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် တွင် ၁၀ နှစ်ကျော် နေထိုင်သူ ယက္ကန်းသမား တဦးက အခုလို ပြောဆိုသည်။

“ဟုတ်ပါတယ်၊ ယက္ကန်းသမား တသုတ်ပြီးတသုတ် ပြန်ကုန်ကြပြီ၊ နောက်ထပ် ပြန်မယ့် သူတွေလည်း ရှိနေသေးတယ်။ ယခင် Zuangtui ရက်ကွက်မှာ ယက္ကန်းသမား ၈၀၀ ကျော် ရှိတဲ့ဟာ ခုဆိုရင် ၅၀၀ ဝန်းကျင် လောက် ပဲရှိတော့တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ယက္ကန်းသမားများ လျှော့နည်းလာသဖြင့် မစ်ဇိုရမ် ပြည်နယ်အတွင်း ယက္ကန်း လုပ်ငန်း ပိုင်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေး ပိုကောင်းလာသလို ၀င်ငွေလည်း ပိုတိုးလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနား၊ စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ကလေးမြို့ နယ်များတွင် ယက္ကန်းလုပ်ငန်းများ သိသိသာသာ တိုးချဲ့လာကြပြီး ယက္ကန်းစျေး ကွက်စီးပွားရေး အလွန် ကောင်းမွန်လာကြောင်း သိရသည်။

ကလေးမြို့တွင် နေထိုင်သူ ယက္ကန်းပိုင်ရှင် တဦးက “ကလေးမြို့နယ်မှာ တနေ့ပြီးတနေ့ ယက္ကန်းစင်တိုးလာ တယ်၊ ကလေးမြို့ နယ် တောင်သာ ရပ်ကွက်ဆိုရင် အိမ်တိုင်းလိုလို ယက္ကန်းကိုယ်စီရှိနေပြီ၊ ယက္ကန်းမရှိတဲ့ အိမ်ဆိုရင် ခပ်ရှားရှားဖြစ်မှာပါ” ဟု ဆိုသည်။

ဆက်လက်၍ “ကျနော်တို့ ယက်လုပ်တဲ့ အထည်ကို ကလေးမြို့၊ တာဟန်း အထည်ဆိုင်တွေမှာ ပေးတယ်။ အထည်တွေကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော် ကို တင်ပို့တယ်” ဟုလည်း ဆိုသည်။

မီဇိုရမ်ပြည်နယ်တွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်နေသူများမှာ မုံရွာ၊ ရွှေဘို၊ ကလေး နှင့် ချင်းပြည် နယ်မှ ဒေသခံ များဖြစ်ကြသည်။

Most read this week