သံလျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တည်ဆောက်မည့် သီလဝါ အထူးစီးပွားရေးဇုံအတွက် အများပိုင် ကုမ္ပဏီများဖြင့် တည်ဆောက်လည်ပတ်နိုင်ရန် လိုအပ်သည်ဟု အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။
“အစုရှယ်ယာများကို တစ်ဦးတစ်ယောက်ချင်း၊ အစုအဖွဲ့အလိုက် အများပိုင် ကုမ္ပဏီ ဖြစ်ရန် ရည်ရွယ်ထားခြင်းက တော့ မြန်မာနိုင်ငံသား အားလုံးပါ၀င်နိုင်ရန်အတွက်ဖြစ်ပြီး တစ်ဦးတစ်ယောက်ထဲက အားလုံးကို လက်ဝါးကြီးအုပ် ၀ယ်ယူခြင်းမဖြစ်ရအောင် တစ်ဦးကို ရှယ်ယာဘယ်လောက်၊ ကုမ္ပဏီတစ်ခုကို ရှယ်ယာဘယ်လောက် ဆိုတာ သတ်မှတ်ထားဖို့ လိုပါတယ်” ဟု ဦးဆက်အောင်က ပြောသည်။
စီးပွားရေးဇုံကို အဓိကအားဖြင့် ဂျပန်-မြန်မာ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ပြီး ဂျပန်မှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာမှ ၅၁ ရာခိုင်နှုန်း တည်ဆောက်သွားမည်ဖြစ်ရာ ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများဖြစ်သည့် မစ်ဇူဘစ်ရှီ၊ မာရိုပီနီ၊ ဆူမိတိုမို အစရှိသည့် ကုမ္ပဏီ ကြီးများမှ ငွေကြေနှင့် နည်းပညာများ ပူးပေါင်းပါ၀င် လုပ်ဆောင်မည် ဖြစ်သည်။ ဂျပန် အစိုးရဘက်မှလည်း ပူးပေါင်းကာ ဂျိုက်ကာနှင့် အခြားသောဘဏ်လုပ်ငန်းများ ပါ၀င်မည်ဟု သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဆောက်အုံ(IBC) တွင် ယခင်လက ပြုလုပ်ခဲ့ရာ စီမံကိန်း တည်ဆောက်မည့် ဒေသတွင်းရှိ လယ်ယာမြေ ပိုင်ဆိုင်သည့် လယ်သမားများ ကိုယ်တိုင် ပါ၀င်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဦးဆက်အောင်မှ ဆိုသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာကုမ္ပဏီပေါင်း ရ၀ ကျော်နှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။
မစ်ဆူဘစ်ရှီ၊ မာရိုပီနီ နှင့် ဆူမီတိုမို တို့မှာ လက်ရှိ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် အောင်မြင်နေ သော စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီးများ ဖြစ်သည်။
အထူးစီးပွားရေးဇုံအတွက် ပြင်ပတည်ဆောက်ရေးနှင့် လျှပ်စစ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများလုပ်ကိုင်ရန် အခြားသော လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၏ ခွင့်ပြုချက်ယူပြီးလုပ်ကိုင်နိုင်သည်ဟု ၀န်ကြီးမှ ပြော သည်။
ယခုတည်ဆောက်မည့် သီလဝါ အထူးစီးပွားရေးဇုံအနေဖြင့် အရှေ့တောင်အာရှတွင် ကြီးမားသည့် စီးပွားရေးဇုံဖြစ်ပြီး ကုန်ကျမည့် ငွေကြေးကို ဇန်နဝါရီလကုန်ပိုင်းလောက်တွင် ဖော်ပြနိုင်မည်ဟု ဦးဆက်အောင်မှ ပြောသည်။
သီလဝါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးနှင့် ပတ်သတ်၍ လွန်ခဲ့သော ၈ လကျော်ကတည်းက ဂျပန် နှင့် ဆွေးနွေးလုပ်ဆောင်ခဲ့ပြီး မြန်မာတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်းနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြစ်လာသည် အထိ မျှော်လင့်ထားကြောင်း ကုန်သည်များနှင့်စက်မှုုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။