ဗန်းမော်-လိုင်ဇာ လမ်းကြောင်း ဖွန်းပျဉ်ဘွမ်ရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း တခု ယနေ့ ညနေ (၃) နာရီအချိန်ခန့်က လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောသည်။
“လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်းကိုင်တောင်ရဲ့ ၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုသည်။
သို့သော် အစိုးရတပ်က ဓါတု လက်နက်များ အသုံးပြုသည့်ကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရသေးပါ။
ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက်ရှိ ကင်းထောက် စခန်းဖြစ်ပြီး တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်သည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများနှင့် လေကြောင်းက အပြင်းအထန် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်က တုန်ဟုန်းရွာသို့ ရောက်ရှိလာသည့် အစိုးရ၏ မြေပြင် တပ်ဖွဲ့များအား ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းခဲ့သဖြင့် လဂျားယန် စခန်းအား လေယာဉ်နှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု KIA က ဆိုသည်။
ညနေပိုင်း (၅) နာရီ အချိန်ခန့်အထိ အစိုးရက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ လှုပ်ရှားမှု မရှိသလောက် ငြိမ်သက်နေကြောင်း သိရသည်။ KIA တပ်များက အစိုးရတပ်နားသို့ ချဉ်းကပ်ခြင်း မပြုနိုင်ရန် လက်နက်ကြီးဖြင့် ကာပစ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု KIA ဘက်က သုံးသပ်ပြောဆိုသည်။
အလားတူ အစိုးရ တပ်ဖွဲ့က နယ်မြေ ကျွမ်းကျင်မှု မရှိသလို တိုက်ပွဲပြင်းထန်သည့်အတွက် ထိခိုက်ကျဆုံးမှု များပြားနေပြီး လူအင်အား အပါအဝင် လက်နက်ကြီး ပစ်ကူများ လိုအပ်နေကြောင်းနှင့် လေကြောင်း အားသာချက်ကို သိရှိထားသဖြင့် မြေပြင် စစ်ကူထက် လေယာဉ်နှင့် လက်နက်ကြီး ပစ်ကူများကိုသာ အားထားနိုင်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်ပြောဆိုသည်။
ယင်းအနေအထားအရ လာမည့်နေ့များတွင်လည်း လေကြောင်း အကူအညီများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ စခန်းများကို ပြင်းထန်စွာ တိုက်ခိုက် လာနိုင်ကြောင်း အကဲခတ်များက သုံးသပ် ပြောဆိုသည်။