အစိုးရနောက်ကွယ် အခြားအဖွဲ့အစည်းရှိနိုင်ဟု RCSS သံသယရှိနေ

အစိုးရနောက်ကွယ် အခြားအဖွဲ့အစည်းရှိနိုင်ဟု RCSS သံသယရှိနေ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားဒေသအတွင်း မငြိမ်မသက်ဖြစ်နေမှု လူ့အခွင့်အရေးချိုးဖေါက်နေမှု  တိုက်ပွဲများဖြစ်ပွါးနေမှု တို့အား  ရပ်တန့်ရန် သမ္မတက မညွှန်ကြားနိုင်သည်မှာ အစိုးရ၏နောက်ကွယ်၌ အခြားအဖွဲ့အစည်း များ ရှိနေနိုင်ကြောင်း သျှမ်းပြည်တပ်မတော် က သံသယရှိနေသည်။

“သမ္မတက အပစ်ရပ်ဖို့ စစ်တပ်ကို အမိန့်မပေးနိုင်ဘူးဆိုရင်- မြန်မာ့ တပ်မတော်အနေနဲ့ - တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေဟာ အစိုးရနဲ့သာအပစ်ရပ်တယ်၊ ငါတို့နဲ့အပစ်ရပ်တာမဟုတ်ဘူး လို့ခံယူနေမယ်။ အဲလိုဆိုရင် ပြဿနာတွေ ဆက်ဖြစ်လာမယ်။ ကချင်ပြည်နယ်မှာတိုက်ပွဲရပ်ဖို့ သမ္မတညွှန်ကြားတယ်။ မရဘူး။ စဉ်စားစရာဖြစ်လာတာက အစိုးရရော တပ်မတော်ကိုပါ နောက် ကနေ ထိန်းနေတဲ့အဖွဲ့ အစည်းများ ရှိနေလား” - ဟု ပြောခွင့် ဗိုလ်မှူးလောဝ်ဆိုင်က ပြောဆိုသည်။

ထို့အပြင် တိုင်းရင်းသားဒေသအတွင်း တရားဥပဒေစိုးမိုးရေးမရှိဘဲ အစိုးရက တပ်မတော်အား လုပ်ပိုင်ခွင့် အာဏာပိုပေး နေသရွေ့၊ တပ်မတော် မှ နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးများ ဆက်လုပ်နေသရွေ့ မည်သည့်အခါမျှ ထာဝရငြိမ်းချမ်းရေး ရမည်မဟုတ်ဟုလည်း ဆိုသည်။

အလားတူ အပစ်ရပ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအမှန်တကယ်လိုအပ်ပါက အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ သဘောတူ ညီမှု ရထားသည့်အတိုင်း နှစ်ဦးနှစ်ဘက်စလုံး လိုက်နာရမည်ဖြစ် သည်ဟုလည်း ဆိုသည်။ သို့သော် ယခုဖြစ်ရပ်မှာ သဘောတူညီမှုအား မလိုက်နာသည့်အပြင်တိုင်းရင်းသား ဒေသသို့ အင်အားတိုးချဲ့ ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ တပ်လုပ်အားပေးခိုင်းစေခြင်း စသည့် လူ့အခွင့်အရေးများ ကျူးလွန်နေသေး သည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပြီးခဲ့တဲ့စနေနေ့တုန်းက အစိုးရတပ်နဲ့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ လမ်းဖေါက်စီမံကိန်းလုံခြုံရေး ကို အကြောင်းပြပြီး အစိုး စစ်တပ် က အရေးပါတဲ့ ကျနော်တို့တပ်စခန်းကို အင်အား ရာကျော်သုံးပြီး သိမ်းပိုက် ဖို့ ကြိုးစားတယ်။ ဒါဟာ နယ်မြေစိုးမိုးရေး စီမံကိန်း ဘဲလေ”

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး - အာဆီယံစီးပွားရေး ကွန်မြူနတီ AEC အတွက် ဖေါက်လုပ်မည့် သံလွင် - မယ့်အောလုံ မှ တဆင့် ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်လမ်းအား အလိုမရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA က အစိုးရ တပ်အား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိများကဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

သျှမ်းပြည်တပ်မတော်ကမူ အပစ်ရပ်တနှစ်ကျော် ကာလအတွင်း အစိုးရနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားရာတွင် အစိုးရတပ်ဘက်ကသာ ကျူးလွန်တိုက်ခိုက်ကြောင်း ပြောဆိုသည်။

Most read this week