အသားစားနွား မွေးမြူသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ နွားအရှင်များနှင့် အသားများ
ကို တင်ပို့ ရောင်းချနိုင်ရန်အတွက် ဇန္နဝါရီလဆန်းပိုင်းမှ စတင်၍ အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဟု သိရသည်။
“နွားမွေးမြူသူတွေ အနေနဲ့ ပြည်ပ တင်ပို့ဖို့ စနစ်တကျ မွေးထားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ထားမယ်၊ ပြည်ပနိုင်ငံတွေက ဝယ်သူကိုလည်း ချိတ်ထားမယ်၊ ပြည်ပ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်ပြီ ဆိုရင် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက အထူးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က မဇ္စျိမကို ပြောသည်။
အထူးအဖွဲ့အနေဖြင့် တိရိစ္တာန် အစားအစာ ကျွေးမွေးမှု ပုံစံနှင့် ရောဂါ ကင်းမကင်းကို မသတ်ဖြတ်မီ စစ်ဆေးခြင်းတို့ပြုလုပ်၍ ရောဂါကင်းရှင်းမှသာ သတ်ဖြတ်ခွင့်ပေးမည်ဟု ဆိုသည်။
“ပြည်တွင်းကော ပြည်ပပါ စစ်ဆေးပြီးမှ စားသုံးသင့် မသင့် ကျန်းမာရေး ထောက်ခံချက် ပေးတာမျိုးတွေကို
ဆောင်ရွက်မှာပါ” ဟု ဦးအောင်ကြီး က ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကိုု ဇူလိုင် လလယ်ပိုင်းမှ စတင် ရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် ခွာနာလျှာနာ ကင်းရှင်းသည့် ဒေသများနှင့် ရောဂါကျရောက်မှု လုံးဝမဖြစ်သည့် ဒေသများမှ မွေးမြူရေး နွားများကို လက်ခံဝယ်ယူမည် ဆိုပါက ရောဂါကင်းရှင်းကြောင်း စစ်ဆေးပေးသွားမည် ဟု ဒေါက်တာအောင်ကြီး က ဆိုသည်။
၎င်းဌာနအနေဖြင့် တိရိစ္တာန်ရောဂါ ကာကွယ်ဆေး ထိုးထားသည့် နွားများအား တပတ်အတွင်း သတ်ဖြတ် ရောင်းချခွင့် မပြုဟု သတ်မှတ်ခြင်း၊ သတ်မှတ်ပြီး အသားစိမ်းများကို စစ်ဆေးပြီးမှ ရောင်းချခွင့်ပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ခိုင်းနွားများကို ပြည်ပသို့ တင်ပို့ခွင့် မပြုသော်လည်း မွေးမြူရေး နွားအရှင်များကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် မလေးရှားနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ စ၍ သုံးနှစ် တင်ပို့ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အေးခဲအမဲသားကို တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ တင်ပို့ ရောင်းချခဲ့ပြီး သိုး၊ ဆိတ် အမဲအရှင်များကို ၂၀၁၁ ခုနှစ်အထိ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အေးခဲ အမဲသား ပြည်ပတင်ပို့ခဲ့မှုမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့သည်။