တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်

တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးအား ဓါးပြတိုက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓါးပြတိုက်သတ်ဖြတ်ခံရသူ နန်းမွေခမ်း

“နန်းမွေခမ်း အသက် ၂၉ နှစ်။ ငွေလဲလုပ်ငန်း လုပ်တာလေ။ မနေ့ညနေ ၅ နာရီခွဲလောက် အိမ်ပြန် ချိန်မှာ လူ ၂ ယောက်က လမ်းမှာစောင့်ပြီး ဓါးပြတိုက်တယ်။ သတ်လည်းသတ်သွားတယ်” ဟု မူစယ် ဒေသခံ မျက်မြင်တဦးဖြစ်သည့် စိုင်းယီ့ က ပြောသည်။

နန်းမွေခမ်းအား ဓါးပြတိုက်ယူစဉ် သွားရောက် ကူညီလိုသော်လည်း ဓါးပြ ၂ ယောက်က အမည်မသိ သေနတ်များ ကိုင်ဆောင်ထားသည့်အတွက် မည်သို့မျှ မတတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ထို့အပြင် နန်းမွေခမ်းထံမှ တရုတ်နှင့် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၅၀ နှင့် ၃၀၀ ကြား ပါသွားနိုင်ကြောင်း မိသားစုဝင်များက ခန့်မှန်း ပြောဆိုသည်။

သေဆုံးသူ နန်းမွေခမ်းအား ခေါင်းတွင် တူဖြင့်ထုထားသည့် ဒဏ်ရာအပြင် ရင်ဘတ်တွင် သေနတ် ၂ ချက် ပစ်ခံထားရကြောင်း ဒေသခံ မျက်မြင်များက ပြောသည်။

မူဆယ် မြို့ခံ ဈေးသည်အမျိုးသမီး ကလည်း “ဓါးပြတိုက်တဲ့လူက ၂ ယောက်အဖွဲ့က များတယ်။ ၃ ယောက် ၄ ယောက်အထိ ရှိတယ်။ လုတာ ယက် တာဆိုရင်တော့ တယောက်ဘဲ။ အိတ်လုပြေးတာတွေလည်း ရှိတယ်။ ငွေလဲဆိုင်ထဲဝင်ပြီး ဓါးပြတိုက် တာလည်း ရှိတယ်။ များသောအားဖြင့်တော့ အခုလို ညနေခင်း အိမ်ပြန်ချိန်မှာ လုကြတာ များတယ်။ ပြီးရင်လဲ ဓါးပြတွေကို ဖမ်းမိတာ ဘာညာမကြားဖူးဘူး။ တချို့ကလည်း အဲဒီဓါးပြတွေက ရဲတွေထဲက အသိလို့ ပြောလိုပြော၊ တချို့ကလည်း တရုတ်ကိုင်းဖိ လူငယ်တွေလို့လည်း ပြောလိုပြောနဲ့ ဖမ်းမိတာ လဲ မရှိတော့ ဘယ်သူတွေလဲ မသိရပါဘူး။ သေချာတာတခုကတော့ လောင်းကစားဝိုင်းတွေများတယ်။ လောင်း ကြေးရှုံးလို့ တိုက်ကြတယ်။ မူးယစ်ဆေးသုံးတဲ့လူတွေကနေ တိုက်ကြတယ်” ဟု ပြောဆိုသည်။သတ်ဖြတ်ခံရသည့်နေရာ

သတ်ဖြတ်ခံရသည့်နေရာ ယခုလို ဖြစ်ပွားနေသည့်အပေါ် လောင်းကစားဝိုင်းမျိုးစုံရှိသော နေရာများအား သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များမှ အလေးထား စစ်ဆေးပေးသင့်သည်ဟု မူဆယ်မြို့ခံ ကိုနေ က ပြောသည်။

တရုတ်နယ်စပ် မူစယ်မြို့၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ၊ ရွှေဆိုင်ပိုင်ရှင် အစရှိသည်များအား မကြာခဏ ဓါးပြတိုက် လေ့ရှိရာ ယမန်နှစ် ဂျန္နဝါရီလက စံပယ်ရွှေဆိုင်ပိုင်ရှင် သားအမိအား ဓါးပြတိုက်သတ်ဖြတ်မှု (ကျပ်သိန်း နှစ်ထောင်ဆုံးရှုံး၊ လူတစ်ဦးသေဆုံး)နောက်ပိုင်း ယခုတကြိမ် ဓါးပြတိုက်မှုမှာလည်း တန်ဖိုး ကြီးဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ ထို့အပြင် မူဆယ်မြို့ပေါ်၌ ဓါးပြတိုက်လု ယက်မှုများ လတိုင်းနီးပါး ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week