မြန်မာ၊ တောင်ကိုရီးယား နှစ်နိုင်ငံ လေကြောင်းလိုင်းများ အကန့်အသတ်မဲ့ ပြေးဆွဲ ပျံသန်းနိုင်တော့မည်

မြန်မာ၊ တောင်ကိုရီးယား နှစ်နိုင်ငံ လေကြောင်းလိုင်းများ အကန့်အသတ်မဲ့ ပြေးဆွဲ ပျံသန်းနိုင်တော့မည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံကြား လေကြောင်းလိုင်းများကို အကန့်အသတ်မဲ့ ပျံသန်းခွင့် ပြုတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စတင်ပျံသန်းမည့် ကာလကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း ကိုရီးယား လေကြောင်းတာဝန်ရှိသူများနှင့်
မြန်မာ လေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတို့ ဒီဇင်ဘာလ တတိယပတ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သည့်နှစ်ရက်ကြာဆွေးနွေးမှုအပြီး ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာ၊ ကိုရီးယား နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်လာမှုနှင့် စျေးကွက်လိုအပ်ချက် အရနှစ်နိုင်ငံ လေကြောင်းလိုင်းများ ပျံသန်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် ကိုးရီးယား နိုင်ငံသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း လေပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အရာရှိက ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဌေးဦးက “ကိုရီးယားလေကြောင်းလိုင်းကို အရင်က စိတ်ဝင်စားမှုမရှိပေမယ့် စျေးကွက်ရှိလာတဲ့အခါ ၀င်ရောက်ပြေးလိုသူတွေ ရှိလာတယ်။ အထူးသဖြင့် ပင်လယ်ရေကြောင်းကသွားနေတဲ့ အထည်တွေဟာ တစ်ခါတလေမှာ စာချုပ်အရ အချိန်မီပို့ရတာတွေရှိတယ်။ အဲဒီအခါ လေကြောင်းလိုင်းက ပို့ရတာတွေရှိတယ်။ လေယာဉ်နဲ့ ပို့ခကစျေးကြီးတော့ အမြတ်မကျန်တော့ဘူး။ အခုလို အပြိုင်ဆွဲခွင့်ပြုလိုက်ရင် စျေးနှုန်းတွေပါ သက်သာသွားနိုင်ပါတယ်။” ဟု ပြောသည်။

မြန်မာ ကိုရီးယား နှစ်နိုင်ငံသည် ၂၀၀၆ ခုနှစ်အတွင်း နှစ်နိုင်ငံ လေကြောင်း ပို့ဆောင်ရေး သဘောတူညီချက်
အရ မြန်မာဘက်မှ ကိုရီးယားနိုင်ငံသို့ လေကြောင်းလိုင်း နှစ်လိုင်းသာ ပြေးဆွဲပျံသန်းခွင့်ရှိပြီး ကိုရီးယား ဘက်မှ
လည်း လေကြောင်းလိုင်း နှစ်လိုင်းသာ ပြေးဆွဲခွင့်ရှိသည်။

မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် စာချုပ်စတင်ချုပ်ဆိုခဲ့သည်။

Most read this week