ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်များ လေကြောင်းဖြင့် တိုက်ခိုက်နေသည်ဟု ကြားသိရသည့်အပေါ် ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
“အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်မည့် ကိစ္စများနှင့် ဒေသအတွင်း ပဋိပက္ခ ပိုမို ပြင်းထန်လာစေမည့် ကိစ္စရပ်များ ရပ်တန့်ရန် မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်သည်” ဟု ကုလသမဂ္ဂ၏ ကြေငြာချက်တွင် ပါရှိသည်။
ထို့ပြင် “တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုကြောင့် အရပ်သားများစွာ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း ဆက်လက် လိုအပ်လျက်ရှိသဖြင့် အကူအညီများ အချိန်မီ
ပေးအပ်နိုင်ရန် အလွန်အရေးကြီးလျက် ရှိနေသည်” ဟု လည်းဆိုထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးမှ ယခုကဲ့သို့ တောင်းဆိုလိုက်သော်လည်း မြန်မာအစိုးရတပ်က လေကြောင်းအရ တိုက်ခိုက်မှုများ ဆက်လက်ရှိနေသကဲ့သို့ မြေပြင်တိုက်ပွဲများ ဆက်လက် ပြုလုပ်လျက်ရှိနေ သည်ဟု ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကိုပြောသည်။
“မငြိမ်သေးပါဘူး။ ကျနော်တို့ ဗဟိုရှေ့ကာကင်း နေရာတကာမှာတော့ တိုက်ပွဲဖြစ်နေတယ်” ဟု မဇ္ဈိမကိုပြောသည်။
ထို့အပြင် ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာ အနီးတဝိုက်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာ တနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို KIA ၏ တပ်မဟာ ၃ နယ်မြေ ပန်ဝါဒေသ ဘက်တွင်မူ လေကြောင်းလိုင်း အသုံးပြု၍ တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။