လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို

လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို
by -
ရွှေဟင်္သာ

လိုင်ဇာမြို့ အဝင်ဝအား တွေ့ရစဉ် (ဓါတ်ပုံ - Wunna Nna)ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမန်နေ့တွင် ပြည်တွင်း မီဒီယာသို့ ပြောကြား ထားသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း သော်ငြား စစ်ရေး အတွက် အရေးပါ စိုးမိုးကုန်း များအား သိမ်းပိုက် ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ ခေါင်းဆောင် တဦးက ပြောသည်။

“လိုင်ဇာကို မသိမ်းပါဘူး။ အရေး ကြီးတဲ့ တောင်ကုန်း တွေကို သိမ်းဖို့ ထိုးစစ်ဆင် နေတာ ပေါ့ဗျာ။ သမ္မတက အမိန့်ပေး ထားပေမဲ့ ဒီနေ့ အမှတ် ရ၇၁ တောင်ကုန်း တဝိုက်မှာ ရှိတဲ့ လဂျားယန်၊ နမ့်ဆန်ယန်နဲ့ ခလာယန် မှာ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲပါဗျ။ တိုက်လေယာဉ် နဲ့လဲ လာရောက် ပစ်ခတ် နေဆဲပါ ခင်ဗျာ” ဟု ဆိုသည်။

လေကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ရ၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)

စစ်ရေး အသာစီး အနေ အထား ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရ ဘက်မှ အကောင် အထည် ဖော်လိုသည့် ဆန္ဒ ရှိသည်ဟု မိမိတို့ သုံးသပ် ထားကြောင်း လည်း ကျောင်းသား တပ်မတော် ပြန်ကြားရေးမှ ဗိုလ်မှူး မင်းဌေးက ပြောထားဘူးသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ နမ်ဆန်ယန် ရွာ၌ စတင် တိုက်ပွဲ ဖြစ်ပွား ခဲ့သလို လဂျားယန် ဒေသ ဘက်တွင်လည်း နံနက် ၉ နာရီ အချိန်က တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တို်က်လေယာဉ် (၂) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့သလို နေ့လည် ပိုင်း ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း စစ်ရဟတ်ယာဉ် (၃) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘွမ်ဆွမ်တောင်၊ မန်သဲ နှင့် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ အမြောက် တပ်ဖွဲ့မှ လက်နက် ကြီးများ ဖြင့် လဂျားယန် ဘက်သို့ လက်နက်ကြီးပစ်ကူ ပေးနေကြောင်း ABSDF ခေါင်းဆောင် ဦးလဆိုင်း က ပြောသည်။

ကချင် လွတ်လပ်ရေး တပ်မတော် အခြေချ ပွိုင့်ကုန်းအမှတ် ရ၇၁ လဂျားယန် တောင်ကုန်းအား အစိုးရတပ်ဖွဲ့က သိမ်းပိုက် နိုင်ရန် ဒီဇင်ဘာလ (၃၀) ရက်နေ့က တိုက်လေယာဉ် များဖြင့် လေကြောင်း ပစ်ကူ ပေး၍ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု အစိုးရအာဘော် မြဝတီ သတင်းဌာန၌ ဖော်ပြ ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “ကချင် ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေ ယာဉ်တွေ သုံးစွဲပြီး ထိုးစစ် ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိ တို့ရဲ့ တပ်တွေဆီ ရိက္ခာ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထား တာကြောင့် လဂျားယန်မှာ ရှိတဲ့ ရိက္ခာ ပြတ်တောက် နေပြီဖြစ်တဲ့ မိမိတို့ တပ်ဖွဲ့တွေ အတွက် လေကြောင်း ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေး နေတာသာ ဖြစ်ကြောင်း” သမ္မတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်းဌာနသို့ ပြောဆိုထားသည်။
တချိန်တည်းတွင် အစိုးရတပ်က KIA အား ထိုးစစ်ဆင် နေမှုကို ရပ်တန့်ရန်နှင့် အကယ်၍ မရပ်တန့်ပါက နောင်ဖြစ်ပေါ် လာမည့် ဆိုးကျိုးများသည် လက်ရှိ အစိုးရ အပေါ်၌သာ တာဝန် ရှိကြောင်း တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။

လေကြောင်း ပစ်ကူဖြင့် အစိုးရမှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် -၇၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)လေကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ရ၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)

ကေအိုင်အို အဖွဲ့မှ လွဲ၍ ကျန်အပစ် အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် မကြာမီ နိုင်ငံရေး ဆွေးနွေး ပွဲများ စတင် တော့မည် ဖြစ်ရာ ထိုဆွေးနွေး ပွဲများတွင် ကေအိုင်အို ကိုပါ ပါ၀င် လာအောင် ဆောင်ရွက် သွားမည်ဟု ၀န်ကြီး ဦးအောင်မင်းမှ ယမန်နေ့က 7 Day News Journal အား ထုတ်ဖော် ပြောကြား လိုက်သည်။

“တကယ် စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုရင် ကြိုဆို ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင် အတွင်းမှာဘဲ ဆွေးနွေးမယ် ဆိုရင် ပြေလည်မှု ရရှိမှာ မဟုတ်ဘူး မြင်ပါတယ်။ ကချင် ထိုးစစ် မဆင်ခင် ကတည်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်မယ် ဆိုရင် ပြောစရာ မရှိပါ။ ခုတော့ အချိန် ဆွဲတဲ့ ပုံသဏ္ဍာန်နဲ့ သူတို့ လုပ်လာတယ်။ ဒီလို လုပ်ခြင်း အားဖြင့် အစိုးရ ဘက်က ပွင့်လင်းမှု မြင်သာမှု မရှိဘူးလို့ မြင်ပါတယ်” ဟု ဦးလဆိုင်း က ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရေးအပါအဝင် တိုင်းရင်းသား အင်အားစု၊ ဒီမို ကရေစီ အင်အားစု နှင့် အစိုးရ အင်အားစု တို့ (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် မှသာ အမျိုးသား ရင်ကြား စေ့ရေးကို အကောင် အထည်ဖော် နိုင်မည် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

Most read this week