ပွန်ချောင်း အရှေ့ ဘက်ကမ်းတွင် ဘောလခဲမြို့ တိုးချဲ့မည်

ပွန်ချောင်း အရှေ့ ဘက်ကမ်းတွင် ဘောလခဲမြို့ တိုးချဲ့မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့တိုးချဲ့ရန်အတွက် ပွန်ချောင်း၏အရှေ့ဘက်ကမ်းရှိ နေရာကို မြို့ကွက်အဖြစ် မြေနေရာများ သတ်မှတ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။

ဘောလခဲမြို့၏ မြို့ပတ်ပတ်လည်သည် စစ်တပ်မှ ပိုင်ဆိုင်ထားသည့် မြေအများစုဖြစ်သော်လည်း ယခုအခါ လူဦးရေ များပြားလာသဖြင့် ဒေသခံပြည်သူ များအတွက် မြေနေရာများတိုးချဲ့ချထားပေးရန် ဒေသခံတွေက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဘောလခဲမြို့မှ ဒေသခံ အမျိုးသားတဦးက “မြို့မြေမရှိတော့လို့ စစ်တပ်မြေပဲရှိတော့တယ် အခုတံတားလုပ်တဲ့ နေရာတောင်မှ စစ်တပ်မြေ ခမရ ၄၃၀ က ပါ ဘောလခဲမြို့ပတ်လည်က စစ်တပ်မြေတွေကြီးအားလုံးလိုလိုပဲ ဖားဆောင်းသွားတဲ့ဖက်ဆိုရင် ၄၃၀၊  ၄၂၉ အဲဒီတပ်တွေရဲ့မြေတွေဖြစ်တယ်။အခုတော့ မြေကွက်ချပေးဖို့အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။

မြေကွက်များတိုးချဲ့ပေးရန် ဒေသခံပြည်သူတွေက တောင်းဆိုထားကြတာဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှနှင့် ဒေသခံကျေးရွာအုပ်စုကိုယ်စားလှယ်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံကိုယ်စားလှယ်တဦးက “တင်ထားတာကြာပြီ အခုမှ ဆွေးနွေးဖြစ်တာပါ။ တိုးချဲ့နိုင်ဖို့အရင်ဆုံး အုပ်ချုပ်ရေးမှူးဆီတင်ထားတယ် ရွာသစ်သွားတဲ့လမ်းဘက် မြေကွက်အလွတ်ကိုပဲ အဲဒီဘက်မှာ သစ်ကွင်းတွေ သစ်စက်တွေရှိတယ်။ အဲမှာသချင်္ုင်းနဲ့နီးတယ် ဆွေးနွေးနေ တုန်းပဲရှိပါသေးတယ်။” လို့ ပြောပါတယ်။

ခန့်မှန်းခြေ အိမ်ခြေ ၁၀၀ အတွက် ရှိနိုင်တယ်လို့သိရပါတယ်။ တိုးချဲ့မယ့် ဘောလခဲမြို့ ဧရိယာမြေမှာ ဒေသခံတွေအပါအဝင်၊ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း မြေကွက်ရဖို့ လျှောက်ထားကြတယ်လို့ သိရပါတယ်။

လျှောက်ထားမှုတွေမှာ ကန့်သတ်ချက်မရှိဘူးလို့ ဆိုပေမယ့် ဒေသခံတွေအတွက်သာ ဦးစားပေးသွား မယ်လို့ သိရပါတယ်။ တိုးချဲ့မယ့် မြေနေရာ အတွက် မြေလွတ်မြေရိုင်း ဥပဒေ လန ၃၉ ကျထားပြီလို့လည်း သိရပါတယ်။