၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစုများကို ငွေလှူ

၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစုများကို ငွေလှူ
by -
နိရဥ္စရာ

၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ရခိုင် ကျောင်းသားများက မြောက်ဦးမြို့နယ်မှ အောက်တိုဘာလ အရေးအခင်း အတွင်း သေဆုံးသွားခဲ့သူ (၁၅) ဦး၏ မိသားစုများအား  ကျပ်ငွေ ၁၅ သိန်း လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ဒေါက်တာ ကျော်ခိုင်မှ ကျန်ရစ်သူ မိသားစု အဖွဲ့ တစ်ဦးအား ကူညီပေးနေစဉ်။

၎င်းအလှူငွေများကို စစ်တွေမှ ဒေါက်တာ ကျော်ခိုင် ကိုယ်တိုင် ဦးစီး သွားရောက်ပြီး မိသားစုများကို များမကြာမှီက လှူဒါန်းခဲ့သည်ဟု ဆိုသည်။

“ အခမ်းအနားကို မြောက်ဦးမြို့ နာရေးကူညီမူ အသင်းရုံးမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို အကူအညီပေးတာ ကတော့ ကျန်ရစ်တဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ အားပေးရာ ရောက်တဲ့ အတွက် အထူး အကျိုးရှိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်က ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို မေ့ပျောက်မထားဘူး။ သူတို့နဲ့ ထပ်တူ ရှိနေတယ် ဆိုတာကို ပြသလိုက်တဲ့ အတွက် ဒီလို အကူအညီတွေဟာ ကျန်ရစ်တဲ့ မိသားစုတွေ ကို အားဖြစ်စေပါတယ်” ဟု အခမ်းအနားကို ကိုယ်တိုင် လိုက်ပါ တက်ရောက်ခဲ့သူ ဦးစံကျော်လှက ပြောသည်။

ယခု အလှူငွေ ၁၅ သိန်းတွင် ၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ကျောင်းသားများမှ ထည့်ဝင်ငွေ ၅သိန်းနှင့် ထိုင်းဆေးကုမ္ပဏီက တစ်ခုက လှူဒါန်းသော ကျပ်ငွေ (၁၀)  သိန်း တို့ ဖြစ်သည်။

ကူညီမူ အခမ်းအနားသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week