KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားလာ

KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားလာ
by -
မဇ္စျိမ

အစိုးရတပ်များဘက်မှ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် သောကြာနေ့ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ်နှင့် ရ မိုင်ခန့်အကွာ လဂျားယန်ဒေသသို့ မြေပြင်ထိုးစစ် စတင်လာနေကြောင်း KIO ၏ မဟာမိတ် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေး က ပြောသည်။

“နောက်ဆုံး အခြေအနေက အခု ရင်ဆိုင်တိုက်ပွဲ ချနေကြပြီ။ လဂျားယန်မှာ။ ဟိုတနေ့က ဖြစ်သွားတဲ့ နေရာပါပဲ။ တက်လာတယ် သူတို့ ၃ ရင်းလောက် ပါမယ်ထင်တယ်။ ၆ နာရီခွဲ လောက်က စဖြစ်တာပဲ။ KIA နဲ့ ကျောင်းသား တပ်မတော် ပူးတွဲတိုက်နေကြတယ်။ ကျနော်တို့က ခုခံစစ်။ သူတို့ကတော့ အတင်းထိုးလာတာ။ သူတို့ကတော့ လိုင်ဇာဒေသကို သိမ်းယူမယ့်ပုံမျိုး လုပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

KIO ရှေ့တန်းစခန်းကြီးတခု ဖြစ်သည့် အဆိုပါ လဂျားယန်သို့ အစိုးရဘက်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီး ပါတ်ဝန်းကျင် ရွာများနှင့် KIA တပ်စခန်းကုန်းများအား ဗုံးကျဲ တိုက်ခိုက်နေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီမနက် ဗုံးကြဲတယ်။ တိုက်လေယာဉ် ၅ စင်း၊ ရဟတ်ယာဉ် ၂ စင်း။ အပေါ်ကနေ သူတို့ ဒုံးတွေနဲ့ ပစ်ပြီးမှ၊ စက်သေနတ်နဲ့ ပစ်တယ်။ ရှရှားလုပ် တိုက်ရဟတ်ယာဉ်က ဒုံးတွေပါတယ်။ လဂျားယန်ရွာ၊ နောက် ထိုင်ထားတဲ့ ကုန်းတွေကို အဓိကထားပြီး ပစ်တယ်။ ကျဲတယ်။ ဝက်တွေ၊ ကြက်တွေတော့ သေကြတယ်။ ဒီဘက်က ထိခိုက်တာ မရှိသေးပါဘူး။ သူတို့ တက်လာတယ်ဆိုတော့ စောင့်ပြီးတော့ ပစ်တာပေါ့။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ် တယ်။ တက်လာတာကို ပစ်တာပဲရှိတယ်” ဟု ဗိုလ်မှူး မင်းဌေး က ပြောသည်။

မနက်ပိုင်းက ပျံသန်းတိုက်ခိုက်လာသည့် အစိုးရ တိုက်လေယာဉ်တစင်းသည် တရုတ်နိုင်ငံ ဘက်အခြမ်းသို့ ကိုက် ၅ဝဝ ခန့် နယ်ကျွံဝင်ရောက် ပျံသန်းသွားသော်လည်း တရုတ် အာဏာပိုင်များဘက်မှ တစုံတရာတုန့်ပြန် မှု မကြားသိရသေးကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

“ဘာမှ ထူးထူးခြားခြား ပြင်ဆင်စရာမလိုပါဘူး။ ခြေလျင်နဲ့ တက်လာရင်တော့ ကိစ္စမရှိဘူး။ အခုလေကြောင်း ကနေ ပစ်ခတ်တာမျိုး၊ ၁ဝ မိုင်ကျော်ကျော်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဆိုတော့ တဘက်စောင်းနင်း ဖြစ်တာပေါ့ ဗျာ” ဟု မဇ္စျိမကို ပြောသည်။

သို့သော် တိုက်ပွဲများ ဖြစ်ပွားပုံနှင့် လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မဇ္စျိမမှ သီးခြား အတည်ပြု ချက် မရယူနိုင်သေးပေ။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံကျေးရွာများမှ ရွာသူ၊ ရွာသားများ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့အပြင် ကြာသပတေးနေ့က အစိုးရတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မန်ကွေးကျေးရွာ ဖရဲခြံတွင် ရောက်ရှိနေသော ရွာသား လေးဦး ထိမှန်ပြီး တဦးမှာ နေရာတွင် သေဆုံးကာ သုံးဦးမှာ ဒဏ်ရာရရှိ သွားကြောင်း လိုင်ဇာ ကျန်းမာရေးမှူးတဦးက မဇ္စျိမကို ပြောဆိုခဲ့သည်။

Most read this week