အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ်အနှံ့ ပြဿနာများ ပေါ်ပေါက်

အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ်အနှံ့ ပြဿနာများ ပေါ်ပေါက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျေးရွာ အနှံ့အပြားတွင်  ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များကို ရွေးချယ် တင်မြှောက် ရာတွင် မှန်ကန်မူ မရှိဘဲ ဥပဒေ ချိုးဖေါက်မှု၊ လာဘ်ပေး လာဘ်ယူ ပြုလုပ်မူများ ရှိခဲ့သဖြင့် ကျေးရွာအများ အပြားတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ် တင်မြှောက်ရန် ၁၀ အိမ်မှူးကို ရွေးချယ်ရာတွင် ကျေးရွာသားများ သဘောဆန္ဒအရ ရွေးချယ်ခြင်း မရှိခဲ့ဟု  စစ်ကဲ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

rakhine-state

“အိမ်ခြေ ၁၀၀ ရှိတဲ့ ရွာမှာ  ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ဖို ဆယ်အိမ်မှူး ၁၀ ယောက်ခန့်ထားတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက ဆယ်အိမ်မှူးကို ရွှေးချယ်တင်မြှောက်တဲ့ အခါ  အိမ် (၁၀) အိမ်ကသဘော ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ဖို့ အလိုရှိကြတယ်။ ဒါပေမယ့် အဲသလို ရွှေးချယ်ခွင့်မရဘဲ အထက်က လူတွေ စိတ်ကြိုက် ရွေးချယ် လိုက်တဲ့အတွက် ရွာသားတွေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ၄ မိုင်ကျေးရွာအုပ်စုတွင် ပါ၀င်သော ကျေးရွာ ၁၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်္ဘာလ ၂၃ ရက် နေ့က ရွေးချယ်ရာတွင် ၁၀ အိမ်မှူးများကို လာဘ်ငွေပေးပြီး မဲရယူခဲ့သည်ဟု လေးမိုင်ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“မဲအများဆုံးရသွားတဲ့ ဦးလှမိုးဆိုသူက မဲမရွေးချယ်ခင် ၄-၅ ရက်အလိုက သူ့ကို မဲထည့်ပေးဖို့အတွက် ကျေးရွာတိုင်းကို သွားပြီးတော့ ၁၀ အိမ်မှူး၊ ရာအိမ်မှူး တယောက်စီကို ကျပ်ငွေ နှစ်သောင်းကျပ်စီပေးခဲ့ ပါတယ်။ အဲဒီလို ဆယ်အိမ်မှူးတွေ ကို နှစ်သောင်းကျပ်စီပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်သွားတယ်။ အခု ရွှေးချယ်ပွဲတွေက  သမာသမတ် မကျတဲ့အတွက် ကျွန်တော်တို့ ၄ မိုင် ရပ်ကွက်သူရပ်ကွက်သားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တောင်ကုတ်မြို့နယ်အတွင် ဆယ်အိမ်မှူးရွေးချယ်ရာတွင်လည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက သူတို့ သဘောကျ ရွေးချယ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီ ဗဟိုစီးအဖွဲ့ဝင် ဦးခင်လှက နိရဥ္စရာသို့ ပြောသည်။

“ဘယ်လိုမြင်လဲဆိုတော့ ဆယ်အိမ်မှူး ရွေးတဲ့ အခါမှာ သူတို့ သဘောမကျတဲ့ လူဆိုရင်၊ သူတို့ကို မဲပေးမည့်သူ မဟုတ်ဘူး ဆိုရင် ဖယ်ထားခဲ့တယ်။ သူတို့ကို ထောက်ခံမည့်သူတွေကို ကျော်ပြီးတော့ ရွေးချယ်သွားတယ်။ အဲဒါမျိုးတွေ တွေ့ရပါ တယ်။ သူတို့လိုတဲ့သူတွေကို ရွေးယူသွားတဲ့ သဘောဖြစ်တယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာသားများ မကျေနပ်မှုကြောင့် တိုင်ကြားသည့်စာများရောက်ရှိ နေသည်ဟု လည်း ဦးခင်လှက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေ ရွေးတာကို မကျေနပ်လို့ တိုင်တန်းထားတာတွေရှိပါတယ်။ သူတို့တိုင်ထားတဲ့ စာတွေထဲမှာတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာကို ကျွန်တော့အနေနဲ့တော့ အထူးမပြောလိုပါ။ ကျွန်တော်တို့ NLD ရုံးကို ကျေးရွာ ရပ်ကွက် တွေမှာ တရားမျှတမှုမရှိတာတွေ၊ ကြီးကြပ်ရေးတွေက ကိုယ့်လူကိုဦးစားပေးပြီး မမှန်မကန် လုပ်တာတွေ ရှိတယ်လို့ တိုင်ထားတဲ့ အပေါ်မှာ ပြောတာပါ။”

ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အခင်းဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်က နိရဥ္စရာသို့ ပြောသည်။

“ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နေတဲ့အခြေအနေကတော့ခါ တိုင်တန်းလို့ အခင်းဖြစ်တာတွေရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြနေကြပါတယ်။ အဲဒီပြဿနာက ပြိန်းဆိပ်ရွာနဲ့ ဂုတ်ပီထောင့်ရွာတွေ မှာလည်း ဖြစ်ပါတယ်။ အရှုပ်အထွေးတွေကတော့ ရှိပါတယ်။ အဲဒီလောက်တော့ မများပါဘူး။”

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်သူရွာသားများ တင်မြှောက်ထားသော ငါးဦး ကော်မီတီအနေဖြင့် မှန်ကန်တိ ကျရန် လိုအပ်သည်ဟု ဦးစောမောင်က ပြောသည်။

“ကျွန်တော်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေကို အမှန်အကန်ဖြစ်စေချင်ပါတယ်။ ကျေးရွာမှာ ရပ်သူရွာသား တွေက အတည်ပြုပေးဖို့အတွက် ကော်မီတီ ငါးဦး တင်ထားပါတယ်။ သူတို့ဆန္ဒ သဘောထား အားလုံး မဟုတ်ဘဲနဲ့ ရပ်သူရွာသား လုပ်ထုံးလုပ်နည်း ဥပေဒေအတိုင်း ရွေးချယ်ခံရတဲ့ အပေါ်မှာ အတည်ပြုနိုင်ဖို့၊ စေတနာကောင်းနဲ့ လုပ်ပေးစေချင် ပါတယ်။”

ရခိုင်ပြည်အနှံ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့် ပတ်သက်ပြီး RNDP ပါတီအနေဖြင့် သက်ဆိုင်ရာကို တင်ပြတောင်း ဆိုသွားမည််ဟု ဦးစောမောင်က ပြောသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဟာတွေကို အပြည့်အဝ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မတော် မတရား လုပ်ရပ်တွေကိုလည်း အမှန်တကယ် ဟုတ်မဟုတ် စီစစ်နေပါတယ်။ သက်ဆိုင်ရာတွေကို ကျွန်တော်တို့ ပါတီ အနေနဲ့သော်၎င်း၊ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သော်၎င်း တင်ပြတောင်း ဆိုသွားဖို့ အပြည့်အဝ စီစဉ်ထား ပါတယ်။”

ရသေ့တောင်မြို့နယ်တွင် စာရေးနှင့် ငါးဦးကော်မီတီပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်သည်ဟု ရသေ့တောင် မြို့ခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ဆယ်အိမ်ခေါင်း ရွေးချယ်ကတည်းက ဒီမိုကရေစီမကျဘူး။ စာရေးတို ့နာယကတို ့က ကိုယ်လိုချင်တဲ့ သူတွေကို ပုံဝင် အောင် သွပ်သွင်း လုပ်လိုက်ကြတယ်။ ရပ်သူတွေ ဖြစ်ချင်တဲ့ ဆယ်အိမ်မှူးတွေ မပါ၀င်ဘူး။ ရိုးသားတဲ့ ရွာသားတွေ၊ တ ကယ် ဖြစ်သင့်တဲ့ ဆယ်အိမ်မှူးတွေ ဖြစ်မလာဘဲ သူတို့ စီစဉ်တဲ့ ဆယ်အိမ်မှူးတွေသာ ဖြစ်လာတယ်။ ဒါကို မကျေနပ်ပေ မယ့် တိုင်ကြားဖို့ နည်းလမ်းတွေ မသိတော့ သူတို့လုပ်သလိုသာ ကြည့်နေကြရတယ်။”

ရသေ့တောင်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ “ဘယ်သူ့ကို ရွေးချယ်ထားသည်။ ကန့်ကွက် သူရှိလျှင် မည်သူ မဆို လာရောက် ကန့်ကွက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာကပ်ထားသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆)အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လူထုသဘောဖြင့် မဲစနစ်  ဖြင့် ဒီဇင်္ဘာလ နောက်ဆုံးထားပြီး ရွေးချယ်တင်မြှောက်ပေးရန် ပြည်နယ်အစိုးရကို အကြောင်းကြား ထားသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် သူပုန်ကျေးရွာအုပ်စုတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီဌာနမှ လာရောက်ပြီး ရွေးကောက်ပွဲ ဦးစီးကော်မီတီ (၄)ယောက်ကို ရွေးချယ် ပေးခဲ့ပါသည်ဟု သိရသည်။

“အခု ဖွဲ့စည်းပေးခဲ့တဲ့ ဦးစီးကော်မီတီက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဌကို လူထုနှင့် အတူမကြိုက် မနှစ်သက် ရှိတဲ့ အတွက် အဲဒီကိစ္စကို ဆောင်ရွက်ပေးဖို့  မြို့နယ်ကို အကြောင်းကြားထားပါတယ်။ ဒါပေမယ့် ဒီနေ့ထိ  ဆောင်ရွက် ပေးတာ မရှိပါဘူး။”ဟု သူပုန်ကျေးရွားသားတဦးက နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ခံတဦးက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဥက္ကဌ ရွေးဖိုအတွက် အရင်ဆုံး ငါးဦးကော်မတီဖွဲ့ရတယ်။ အဲဒီငါးဦးကော်မ တီကို စာရင်းလုပ်ပြီး လူတွေကို ပြရတယ်။ သူတို့ကိုကြိုက်သလား၊ အဲလိုပေါ့ ငါးဦးကော်မတီ ဖွဲပြီးမှ ကျေးရွာ ဥက္ကဌကို တင်ဖို့အတွက် ထပ်မံစာရင်းပေးရတယ်။ အဲဒါကို ငါးဦးကော်မတီက စိစစ်တယ်၊ အားလုံးသဘော တူမှ တင်တာ၊  ဆယ်အိမ်မှူးလုပ်မည့်သူတွေစာရင်းကို ရပ်ကွက်မှာ အိမ်တွေကိုလိုက်ပီး မဲပေးခိုင်းတယ်၊ ဆိုလိုတာက စာရွက်မှာ ရွွှေးချယ် ခိုင်းတာပေါ့၊ ကျွန်တော်တို့ ရပ်ကွက်မှာ အဲဒီလုပ်ပါတယ်။”

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ တွင်လည်း တရား မျှတမှု မရှိသောကြောင့် ရွာသားများ ကန့်ကွက်သည့်စာကို ဘူးသီးတောင် မြို့နယ်အုပ်ချုပ် ရေးမှူးထံ တိုင်ကြားထားသည် ဟု သတင်းရရှိသည်။

ပါလီမန် ဒီမိုကရေစီစနစ်တွင် အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းမျိုးသာ ဒီမိုကရေစီစနစ်ကို သွားနိုင်မည် ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ယခင်က အာဏာရသူတွေ၊ အာဏာရပါတီတွေ၊ မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံရင် ပြီးတဲ့ စနစ်မျိုးရှိခဲ့တယ်။ အဲဒါဟာ တကယ့် လူထုအခြေခံ ကျေးရွာဒီမိုကရေစီစနစ်ကို ပျက်ပြားစေတယ်။ ဒီနေ့ ဒီမိုကရေစီကို သွားဖို့ကာလမှာ ယခင်ကလို စနစ်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ကျေးရွာလူနေမှုစနစ်ကို သွားတဲ့နည်းမကျဘဲ၊ ဒီမိုကရေစီအခြေခံကို မရွေးချယ် ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် မဖြစ်ဘူး။ ကျေးရွာလူထုကိုယ်တိုင် လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင် မြှောက်မှ ဖြစ်မယ်။”

အခြေခံလူတန်းစားများကို အခြေခံပြီး ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ ဆယ်အိမ်မှူးများကို အခြေခံပြီး ရွေးချယ်ခြင်း သည် ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ ခြေလှမ်းမဟုတ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ဒီနေရာမှာ ဘကြီးပြောချင်တာက ကျေးရွာ ရပ်ကွက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအကျဆုံး လူ့အဖွဲ့အစည်းတခု ဖြစ် တယ်။ ဒီနေ့ အချိန်အခါဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။ အဲဒီ အပြောင်းအလဲမှာ အပေါ်က အပြောင်းအလဲ ဖြစ်နေပေမယ့် အောက်ခြေမှာ မပြောင်းလဲနိုင်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းဟာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ မဟုတ်ဘူး။”

ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ရွာတစ်ရွာတွင် အိမ်ထောင်စု (၁၀) ခုလျှင် ဆယ်အိမ်မှူး တစ်ဦးစီကို ရွှေးချယ်ရပြီး ဆယ်အိမ်မှူးများ၏ မဲဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ရသည်။ ဆယ်အိမ်မှူးများ၏ မဲကို စိစစ်ရန် ရပ်ရွာမှ လူရိုသေ ရှင်ရိုသေ လူကြီး လူကောင်း ၄ ဦး (သိုမဟုတ်) ၅ ဦးကို ပါ အဖွဲ့ကို ဖွဲ့စည်းရပြီး အုပ်ချုပ်ရေးမှူး လောင်းများ ရရှိသော မဲများ ကို ရေတွက်ကြရသည်။

Most read this week