သျှမ်းပြည်မြောက်ပိုင်း၌ ကျေးရွာအုပ်စု/ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်မှုများ ယခုလနှောင်းပိုင်းက ဆက်တိုက်လုပ်ဆောင်လာရာ မြို့နယ်အချို့၌ လူထုမကျေနပ်မှုများ ရှိနေကြောင်း ဒေသခံများပြောကြားချက် အရသိရသည်။
“ကျမတို့ နမ္မတူမြို့နယ်မှာတော့လေ တခြားကျေးရွာအုပ်စု၊ တခြားရပ်ကွက်တွေတော့ ပြဿနာရှိတယ်လို့ မကြားဘူး။ ကျမတို့ အုပ်စုမှာတော့ မတရားမှုတွေရှိနေလို့ လူထုက ကန့်ကွက်ကြတယ်လေ။ အခု ပြန်ရွေး နေတယ်။ ဒါပေမယ့်လူထုမှာ အာဏာမရှိဘူး။ ခရိုင်ကဘဲ အဆုံးအဖြတ်ပေးမယ်။ လူထုအကျိုးအမှန်တကယ် လုပ် တဲ့သူကိုဘဲ လူထုတာဝန်ထမ်းဆောင်စေချင်တာလေ” - ဟု နမ္မတူမြို့ပေါ်ရောက် နားဆိုင်း ဒေသခံ နန်းအေးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း နားဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အုပ်ချုပ် ရေးမှူးရွေးချယ်ရေး သမာဓိအဖွဲ့ ဖွဲ့စည်းရာတွင် ၎င်း၏လူယုံများဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုသမာဓိ လူကြီး များကဦးမြင့်လှိုင်အား ယခင်အပတ်က ပြန်လည်တင်မြှောက်ရာ လူထုကကန့်ကွက်ခဲ့သဖြင့် ဗုဒ္ဓဟူး နေ့က အစည်းအဝေးပြန် ခေါ်ယူခဲ့ရသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်မှူးမှ ယမန်နေ့က ဆယ်အိမ် အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ ဇကာတင် သုံးဦးရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
“ဦးမြင့်လှိုင်က ခလရ ၄၁ တပ်ထွက်လေ။ သူက ရွာသားတွေပိုင်တဲ့ ယာမြေတွေကို ရာဘာစိုက်ခင်းကုမ္ပဏီ တွေကို ရောင်းပေးတယ်။ သူက နားဆိုင်းကျေးရွာအုပ်စု ဥက္ကဌ လုပ်လာတာ ၁၀ နှစ်ရှိပြီ။ ဘာမှမတိုးတက် ဘူး။ လူထု ယာမြေတွေတောင်ဆုံးရှုံးသေးတယ်။ ကျနော်တို့ကတော့ လူထုအကျိုးပြုမယ့် လူထုဘက် အမြဲရပ် တည် လာ တဲ့ ဆယ်အိမ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းဦးကိုဘဲ တင်မြှောက်ချင်တာ” - ဒေသခံ အိုက်ညိုက ပြောသည်။
နားဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် ဇကာတင်ရွေးချယ်လိုက်သောသူသုံးဦးမှာ ဦးဝင်းသိန်း၊ ဦးမြင့်လှိုင်၊ ဦးထွန်းလင်းဦးတို့ ဖြစ်ကြောင်း၊ ထိုသုံးဦး အနက် အုပ်ချုပ်ရေးမှူးခန့်အပ်ရေးအချက် ၁၁ နှင့် ကိုက်ညီသူတဦးအား နားဆိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ကျောက်မဲခရိုင်က ရွေးချယ်ခန့်အပ်မည်ဖြစ် ကြောင်း နမ္မတူ ဆယ်အိမ်မှူးတဦးက ပြောသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်ရာတွင် - အသက် ၂၅ နှစ်ကျော်လွန်သူ၊ ကျေးရွာအုပ်စု သား(ဇာတိ)ဖြစ်သူ၊ နိုင်ငံရေးကင်းရှင်းသူ၊ တပ်ထွက်မဖြစ်စေရ (သို့သော် တပ်မှ ထွက်ပြီး ထိုဒေသအတွင်း ၅ နှစ်အထက်နေထိုင်သူ၊ သမာဓိအဖွဲ့ထောက်ခံချက်ပေးသူ - ဆိုခန့်အပ်နိုင်)၊ ကျန်းမာရေးကောင်းမွန်သူ၊ စီးပွားရေးအဆင်ပြေသူ၊ ရပ်ရွာအတွင်း အရှိန်အဝါကြီးသူ၊ ပညာအရည်ချင်းအသင့်အသင့်ရှိသူ - - - စသည့် အချက်များနှင့် ကိုက်ညီသူဖြစ်ရမည်ဟုဆိုသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်ရာတွင် အထက်ဖေါ်ပြပါ ဖြစ်ရပ်များနှင့်ဆင်တူ ဖြစ်ရပ်များ မှာ မူစယ်မြို့ ဟိုမွန်ရပ်ကွက်၊ လဲချားမြို့ အမှတ် (၄) ရပ်ကွက်၊ လားရှိုးမြို့နှင့် အခြားမြို့နယ်များတွင် လည်းရှိနေ ကြောင်း ဒေသခံသတင်းများက ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးကောက်တင် မြှောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားသောကြောင့် သျှမ်းပြည် မြို့နယ်အများအပြားကလည်း ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ စတင် ရွေးကောက်တင် မြှောက် လာနေခြင်းဖြစ်သည်။