ရခိုင်ကမ်းရိုးတန်းရှိ အဖိုးတန် ဓါတ်သတ္တုပါ သဲများ တရုတ်ဝယ်ရန် စီစဉ်

ရခိုင်ကမ်းရိုးတန်းရှိ အဖိုးတန် ဓါတ်သတ္တုပါ သဲများ တရုတ်ဝယ်ရန် စီစဉ်
by -
နိရဥ္စရာ

အလူမီနီယမ် Aluminum နှင့် တိုင်တမ်နီယမ် Titanium ဓါတ်သတ္တုပါ ရခိုင်ပင်လယ် ကမ်းရိုးတန်းမှ ရှားပါးသဲများကို တရုတ် စီးပွားရေး သမားများက ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တောမြို့နယ် ပင်လယ် ကမ်းခြေမှ သဲများမှာ အလူမီနီယမ်နှင့် တိုင်တမ်နီယမ် ဓါတ်သတ္တုများ ရောပြွမ်း ပါ၀င်နေသဖြင့် တရုတ် စီးပွားရေး သမားများမှ ၀ယ်ယူရန် အထူးစိတ်ဝင်စားနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်အား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“အခုက စမ်းသပ်နေတဲ့ အဆင့်ပါ။ ရခိုင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အခု မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ပင်လယ် ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငုံမော် ကမ်းခြေက သဲတွေကို စမ်းသပ်နေပါတယ်။ အဲဒီက သဲတွေမှာ ကျနော်သိရသလောက် တိုင်တမ်နီယမ် သတ္တုတွေ အဓိက ရောပါနေတဲ့ အတွက် သူတို့ တရုတ်တွေက အထူး စိတ်ဝင်စားနေပါတယ်” ဟု ပြောသည်။

အဆိုပါ သဲများကို  ပထမ အဆင့် အနေဖြင့် စမ်းသပ်နေပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် မည်ကို စမ်းသပ်မူ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ် အစိုးရနှင့် ညှိနိုင်းမည်ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ တရုတ် အမျိုးသား တစ်ဦး ဦးဆောင်သော စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ရသေ့တောင်မြို့သို့ ရောက်ရှိလာပြီး မြေတိုင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ အငုံမော် ဒေသသို့ သွားရောက် တိုင်းတာမူများ ပြုလုပ်ခဲ့သည်ဟု ရသေ့တောင် ဒေသခံ တစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကဘဲ တရုတ် စီးပွားရေးသမား တစ်ဦး ရသေ့တောင်ကို ရောက်လာ ပါတယ်။ မြေစာရင်းဌာနက အရာရှိတွေနဲ့ ဦးလှဖြူသံ စက်လှေကို ငှားပြီး  အငုံမော် ပင်လယ် ကမ်းခြေကိုထွက်သွား တာကို တွေ့ရပါတယ်။ အဲဒီနေရာ ပင်ကမ်းခြေကို   ပုံစံ ၁၀၅ ရေးဆွဲတယ်လို့ သိရပါတယ်။ စမ်းသပ် တူးဖေါ်မယ့် မြေနေရာတွေကို အထက်ကို တင်မယ်လို့တော့ သိရပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အငုံမော်ကမ်းခြေမှ သဲများကို တရုတ် စီးပွားရေး သမားများသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်ကလည်း ထုတ်ယူခဲ့ပြီး နောက်ပိုင်းတွင် အာဏာပိုင်များက ဟန့်တား သဖြင့် ရပ်တန့်ခဲ့သည်ဟု သိရသည်။

“သူတို့က ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်ထိ သဲတွေကို ထုတ်ယူခဲ့ပါတယ်။ ပင်လယ် ကမ်းခြေအောက်ကို စက်ကရိယာတွေနဲ့ (၆) ပေ အနက်ထိ တူးပြီး သဲတွေကို ယူပါတယ်။ အဲဒီ သဲတွေကို အိတ်တွေနဲ့ ထုတ်ပြီး စစ်တွေ ရေချမ်းပြင်ကို မော်တော်ဘုတ်တွေနဲ့ ပို့ခဲ့ပါတယ်။ တချို့လည်း တရုတ်ကို ယူသွားတယ်လို့ သိရပါတယ်။ အိတ်ပေါင်း သုံးသောင်း ကတော့ မယူနိုင်သေးဘဲ အခု အချိန်ထိ ကျန်ရှိနေပါသေးတယ်” ဒေသခံက ဆက်ပြောသည်။

အိတ်ပေါင်း ၃၀၀၀၀ တွင် ၁၅၀၀၀ မှာ အငုံမော် နစက စခန်းတွင် စုပုံနေပြီး ကျန် ၁၅၀၀၀ မှာ ရေချမ်းပြင် ပုဇွန်ကန် တစ်ခုတွင် စုပုံ ကျန်နေခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုတိယ အကြိမ် အနေဖြင့် တရုတ် စီးပွားရေး သမားများမှ ပင်လယ် သဲများကို ပြန်လည် ၀ယ်ယူရန် စီစဉ် လာခြင်း ဖြစ်ကြောင်း သိရသည်။

အမည် မဖေါ်လိုသူ မြန်မာ ဘူမိဗေဒ အရာရှိ တစ်ဦးကလည်း သူ့အနေဖြင့် ဗိုလ်ချုပ် ခင်ညွှန့် လက်ထက်က  အငုံမော်နှင့် အလယ်သံကျော် ပင်လယ်ကမ်းခြေကို သွားရောက်ပြီး သဲများကို  လေ့လာ ဆန်းစစ် ခဲ့ဖူးကြောင်း၊ သဲ နမူနာများကို  ရန်ကုန်ကို ယူဆောင်လာပြီး  ဓါတ်ခွဲ စမ်းသပ် ခဲ့ကြောင်း၊ သဲထဲတွင် အလူမီနီယမ် ဓါတ်သတ္တုများ ရောနှော ပါရှိနေသဖြင့် သဲများမှာ အထူး တန်ဖိုး ရှိကြောင်း၊ အဆိုပါ သဲများကို စင်္ကာပူကို တင်ပို့ ရောင်းချခြင်းဖြင့် ရခိုင်ပြည်နယ်ကို ချမ်းသာ ကြီးပွားအောင် ပြုလုပ် နိုင်ကြောင်း ပြောဆိုသည်။

ရသေ့တောင် ဒေသခံ တစ်ဦးကမူ သဲများကို ထုတ်ယူခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးဆုံးရှံုး သွားနိုင်ပြီး ရေနေသတ္တဝါများကို ထိခိုက်နိုင်သဖြင့် ဒေသခံများ အတွက် အကျိုးထက် အပြစ်များနိုင်ကြောင်း ပြောကြားသည်။

Most read this week