လီဒို လမ်းမကြီး ပြန်ဖွင့်ရန် အိန္ဒိယ ပြည်နယ်အစိုးရ တောင်းဆို

လီဒို လမ်းမကြီး ပြန်ဖွင့်ရန် အိန္ဒိယ ပြည်နယ်အစိုးရ တောင်းဆို
by -
မဇ္စျိမ

အိန္ဒိယနှင့် မြန်မာနိုင်ငံအား ဆက်သွယ်ပေးနိုင် သည့် သမိုင်းဝင် စတီးဝဲလ် Stilwell ခေါ် လီဒို Ledo လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယဘက်မှ ဒေသခံ ပြည်နယ် အစိုးရက တောင်းဆိုလိုက်သည်။

နယ်စပ်ကုန်သွယ်မှုများ ထူထောင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာ စေရေးအတွက် ထိုလမ်းမကြီးအား အမြန် ပြန်ဖွင့်နိုင်ရန် အရူနာချာပရာဒက်ရှ် Arunachal Pradesh ပြည်နယ် ဝန်ကြီးချုပ်နမ် တူကီ Nabam Tuki က ကြာသပတေးနေ့က ဗဟိုအစိုးရအား တောင်းဆိုလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

“အဓိပ္ပါယ်ပြည့်ဝတဲ့ အရှေ့မျှော်မူဝါဒအတွက် မရှိမဖြစ် လိုအပ်တာကတော့ ကုန်းမြေ ဆက်သွယ်မှုဖြစ်ပြီး ဒီလမ်းမကြီး ကို ပြန်ဖွင့်ခြင်းအားဖြင့် ဒေသတွင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးပြုစေပါလိမ့်မယ်” ဟု မစ္စတာ တူကီ က နယူးဒေလီတွင် ကျင်းပသည့် အမျိုးသား ဖွံ့ဖြိုးရေးကောင်စီ (NDC) အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လီဒို လမ်းမကြီးဟုလည်း ခေါ်ကြသည့် အဆိုပါ စတီးဝဲလ် လမ်းမကြီးကို ပြန်ဖွင့်ခဲ့ပါက နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း အပြင် နယ်စပ်ဒေသ အဖျက်အမှောင့် လှုပ်ရှားမှုများကိုလည်း ထိန်းချုပ်နိုင်ကာ တင်းအချက်အလက် ပိုမိုစီးဆင်း စေနိုင်ပြီး ပြည်သူချင်း ယဉ်ကျေးမှု ဆက်ဆံရေးများလည်း ပိုမိုအားကောင်းလာစေခဲ့မည်ဟု မစ္စတာ တူကီကထောက်ပြသည်။

အိန္ဒိယနိုင်ငံ၊ အာသံ Assam ပြည်နယ်၊ လီဒို Ledo မြို့လေးမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ဆက်သွယ်ထားသည့် အဆိုပါ လမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များက ဖောက်လုပ်ခဲ့ကြကြခြင်း ဖြစ်သည်။

တရုတ်ဖြူ ချန်ကေရှိတ်၏ အကြံပြုချက်အရ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ် အား ဂုဏ်ပြု၍ စတီးဝဲလ် လမ်းမကြီးဟု ၁၉၄၅ ခုနှစ်တွင် ပြောင်းလဲခေါ်ဝေါ်လာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မပြုပြင်တော့ဘဲ ထားခဲ့သည့် ၁,၇၂၆ ကီလိုမီတာ အရှည်လမ်းမကြီးတွင် အများစုမှာ အသုံးပြုနိုင်သည့်အနေအထားတွင်ရှိပြီး မြန်မာပြည်တွင်းမှ ၁၆ဝ ကီလိုမီတာခန့်သာ ပြန်လည်ပြုပြင်ရန် လိုအပ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံမှ မြစ်ကြီးနား-တနိုင်း-ပန်းလောင်း လမ်းပိုင်းအား ကျပ်သန်းပေါင်း ၂၅ဝ ကုန်ကျခံကာ ဖောက် လုပ်ပြင်ဆင် လျက်ရှိကြောင်း မြန်မာ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမအား နိုဝင်ဘာလတွင်းက ပြောဆို ခဲ့ဖူးသည်။

မြစ်ကြီးနား-ကန်ပိုက်တီး လမ်းပိုင်းကို တရုတ်အစိုးရမှ ၂ဝဝ၇ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ကျန်လမ်းပိုင်း ဖြစ်သည့် မြစ်ကြီးနား-တနိုင်းကို ယုဇနကုမ္ပဏီက လုပ်ကိုင်လျက်ရှိသည်။

အိန္ဒိယ အစိုးရဘက်မှမူ ထိုလမ်းမကြီးအား ၎င်း၏ ခွဲထွက်သူပုန်များ အသုံးချမည်ကို စိုးရိမ်လျက်ရှိသည် ဟုလည်း ဝေဖန်သူများက ဆိုသည်။

Most read this week