ကယား(ကရင်နီ)ပြည်မှာရှိတဲ့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေဟာ လူနာတွေအတွက် ကုတင်နေရာ တခုတည်းသာလျင် အခမဲ့ပေးဆောင်ပြီး ဆေးဝါးနဲ့တကွ အသေးစားလိုအပ်တဲ့ ၀ါဂွမ်းနဲ့အရက်ပြန်တွေကို ဆေးဆိုင်တွေမှာဝယ်ယူကြရပါတယ်။
ခွဲစိတ်ကုသတဲ့အဆင့်ထိရောက်လာတဲ့လူနာများအတွက် ဆေးဖိုးဝါးခ မတတ်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်လာကြရပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ပြည်သူလူထုတွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ မင်္ဂလာ လူမှု ကူညီရေးအသင်းကို ထူထောင်ခဲ့ကြပါတယ်။
"ဆင်းရဲနွမ်းပါးနေတဲ့ ပုဂ္ဂိုလ်တွေက များပြားနေတဲ့အတွက် ဆေးဝါး ကုသနေတဲ့ အခါမှာ တကယ်ကို ဆေးဖိုးဝါးဖိုးက ကြီးများနေတာရှိနေတဲ့ အတွက် မတတ်နိုင်တာရှိတယ် ခွဲစိတ်ကုသရမဲ့ ကိစ္စတချို့ဆိုရင် မခွဲတော့တာလဲ ရှိတယ် မတတ်နိုင်ကြဘူးပေါ့ အဲလိုလူမျိုးတွေက များပြားနေတဲ့ အတွက် စိတ်တူ ကိုယ်တူ ဒို့အချင်းချင်း စုပေါင်းပြီးတော့ ဒို့ရပ်ကွက်ကနေစပြီးတော့ ထူထောင်ကြစို့ ဆိုပြီးတော့ လူထုတွေလိုလား တောင်း တနေတယ်ဆိုတာ သုံးသပ်ပြီးတော့ ထူထောင်တာဖြစ်တယ်" လို့ မင်္ဂလာ လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်တဲ့ ဦးစိုင်းအောင်သိန်း က ပြောပါတယ်။
မင်္ဂလာလူမှုကူညီရေးအသင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ အဖွဲ့ဝင် ၁၁ ဦးဖြင့် မင်္ဂလာလူမှုကူညီရေးအသင်းကိုဖွဲ့စည်းလိုက်ပြီး ယာယီရုံးကို မင်္ဂလာရပ်ကွက်မှာတခါတည်း ဖွင့်လှစ် လိုက်ပါတယ်။
"ကျနော်တို့ လွိုင်ကော်မြို့ရဲ့လိုအပ်ချက်အရ ပေါ်ပေါက် လာတာပဲဖြစ်ပါတယ် လိုအပ်ချက်ဆိုတာက ကျနော်တို့က နာရေးနဲ့ပတ်သက်ပြီးတော့ နာရေး အသုဘချတဲ့ လုပ်ငန်းတွေကို ကျနော်တို့ မြို့ပေါ်မှာ အတော်များများ လုပ်နေကြတာရှိတယ် ဒါပေမဲ့လဲပဲ ကျနော်တို့က နာရေးကို ချပေးနိုင်တာနဲ့ ဒီလူမှုရေး လိုအပ်ချက်တွေက မပြည့်စုံဘူးလို့ ကျနော်တို့ ဖွဲ့က အဲ့လိုယူဆရတဲ့အတွက် ခုဏပြောသလို နာရေးပေါ် ပေါက်လို့ရှိရင် ငွေရေး ကြေးရေးတွေကို ကူညီနိုင်အောင် ဒီအဖွဲ့တွေကို ဖွဲ့လိုက်ခြင်းဖြစ်ပါတယ်"လို့ မင်္ဂလာ လူမှုကူညီရေးအသင်း အကျိုးဆောင် ဖြစ်တဲ့ ဦးထွန်းအေးဟန် (LLB) က ပြောပါတယ်။
မင်္ဂလာလူမှုကူညီရေးအသင်းရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ဖို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ယာယီသတ်မှတ် သဘောတူထားကြတယ်လို့ သိရပါတယ်။
"နောက်ပိုင်းကြရင်တော့ ကျနော်တို့က မသေခင်မှာ ကျနော်တို့ တကယ်လိုအပ်နေတဲ့ ပုဂိုလ်တွေ နောက်တခါ ကျနော်တို့က ဆေးရုံ ဆေးခန်းတွေမှာ တကယ် မတတ်နိုင်ပဲနဲ့ မဖြစ်ချင်ပဲနဲ့ ဖြစ်ရတဲ့ ပုဂိုလ်တွေ ဒီလိုပုဂိုလ် တွေ အတွက် ကျနော်တို့ ဒီလူတွေအတွက် အကူညီပေးနိုင်ဖို့အတွက်ပဲ ဖြစ်တယ်" လို့ ဦးထွန်းအေးဟန် (LLB)ကဆက်ပြောပါတယ်။
နာရေးကူညီမူအအသင်းအဖွဲ့တွေဟာ နေရာအတော်များများ ရှိနေကြပေမဲ့လို့ ယခုကယားပြည်နယ် လွိုင်ကော်မြို့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ မင်္ဂလာ လူမှုကူညီရေးအသင်း ဟာ တခြားနာရေးကူညီမှုအဖွဲ့တွေနဲ့ မတူဘဲ လက်ရှိအသက်ရှင် နေသေးတဲ့ ဆင်းရဲနွမ်းပါး သူတွေကို ဦးစားပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
"ဒီအဖွဲ့စည်းဟာ ဘယ်အစိုးရနဲ့ ပတ်သက်ပြီးတော့ ဆောက်ရွက်တာ မဟုတ်ပါဘူး ကျနော်တို့ ပြည်သူတွေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပြည်သူကို အခြေပြုတဲ့ လူမှုရေး အဖွဲ့စည်းတွေဟာလဲ အင်းအားကောင်းဖို့ လိုတယ်လို့ မြင်ပါတယ် အဲဒီအတွက် ကျနော်တို့ လုပ်နိုင်တာ ကျနော်တို့ ဝါသနာပါတာ ကျနော်တို့ မြို့မှာ လိုအပ်တာကို အခြေခံပြီးတော့မှ အဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်တယ်" လို့ ဦးထွန်းအေးဟန် (LLB)က ပြောပါတယ်။