သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးရွာ လူငယ်ပြုပြင်ရေး အဖွဲ့က မူးယစ်ဆေးဝါး နှိမ်နှင်းရေးလုပ်ငန်းများ အရှိန် အဟုန်မြင့် ဆောင်ရွက်နေရာ ယခုလ ၁၇ ရက်နေ့က ကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများနှင့် ၄င်းဆေးဝါးအမြောက်အများကို ဖမ်းဆီးရမိကြောင်း သိရသည်။
မုံးဝီးရွာတွင် ၄င်းနေ့နံနက် ၆ နာရီခွဲခန့်က မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦး၊ ၀ယ်ယူသုံးစွဲသူ ၁၃ ဦးနှင့် မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ လူငယ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မနက်စောစော ရွာထဲမှာ မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့အချိန် စောင့်ဖမ်းတာပေါ့နော် ရောင်းတဲ့လူက အိုက်မြင့်လို့ခေါ်တယ်။ တခြားရွာသားပေါ့နော်။ သုံးစွဲတဲ့သူတွေက မုံးဝီးရွာသားတွေပဲ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၃ ဦး၊ ဘိန်းဖြူဆပ်ပြာခွက်တစ်ခွက် ရာဘဆေးပြား ၁၁၀ ဖမ်းမိပါတယ် ” ဟု သူက ပြောသည်။
အဆိုပါဖမ်းဆီးမိသူများကို ပထမအဆင့်အနေဖြင့် အသိပညာပေး၍ ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လည်လွတ် ပေးခဲ့ပြီး ဖမ်းဆီးမိသည့် ဆေးဝါးများကို ရပ်မိရပ်ဖများရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများအထဲတွင် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါ၀င်သည်ဟု သိရသလို မံးဝီးလူငယ် အဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းများတွင် ဒေသခံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့အား လွန်ခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက မူးယစ်ဆေးဝါးနှိမ်နှင်းရေးအတွက် ရွာသားများ ကိုယ်တိုင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယခုလ ၁၅ ရက်နေ့မှစ၍ မူးယစ်ဆေးနှိမ်နှင်းရေးလုပ်ငန်းများကိုအရှိန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။