ရခိုင်ကမ်းရိုးတန်းတွင် မြန်မာ့ရေတပ် မရှိ မကောင်း၊ ရှိမကောင်း ဖြစ်နေ

ရခိုင်ကမ်းရိုးတန်းတွင် မြန်မာ့ရေတပ် မရှိ မကောင်း၊ ရှိမကောင်း ဖြစ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရခိုင် ပင်လယ်ပြင်တွင်လည်း မတည်ငြိမ်မူများ ရှိနေသဖြင့် ရေပြင်ကို အမှီပြု လုပ်ကိုင် စားသောက် နေကြသူများ အနေဖြင့် ပင်လယ်ပြင်တွင် လုံခြံုရေး တိုးမြှင့်ရန်ကို အထူး လိုလားနေကြသည်ဟု သိရသည်။

navy-shipsfrom-dynnawaddy-navy-based

လက်ရှိ အခြေအနေတွင် မြန်မာ့ရေတပ်မှ ရခိုင် ပင်လယ်ပြင်တွင် လုံခြံုရေး တိုးမြှင့်ထားသဖြင့် သာမန် ပြဿနာများမှ အပ တစ်ခြားကြီးလေးသော ပြဿနာများ ဖြစ်ပွားခြင်း မရှိသေးကြောင်းနှင့် လုံခြံုရေးမှာ အတော်အသင့်ကောင်းမွန်နေကြောင်း ဒေသခံ ငါးဖမ်းသမားများက ပြောသည်။

သို့သော်လည်း မြန်မာ့ရေတပ် သင်္ဘောများသည် ဒေသခံ ငါးဖမ်းသမားများထံမှ ငွေကြေး ကောက်ခံခြင်း၊ ငါးများတောင်းခံခြင်း၊ မြို့ပေါ်မှာ ဘီယာ အရက်များ ၀ယ်ယူခိုင်းခြင်း၊ စက်သုံးဆီများ တောင်းခံခြင်းများကို ပြုလုပ်နေသဖြင့် ဒေသခံ ငါးလုပ်ငန်းရှင်များ အနေဖြင့် အခက်ကြံုတွေ့ နေကြ ရသည်ဟု ဆိုသည်။

“မြန်မာ ရေတပ် မရှိရင်လည်း မရဘူး။ သူတို့ရှိမှ လုံခြံုရေးက စိတ်ချရတာ။ တဘက်မှာလည်း သူတို့ ရှိပြန်တော့လည်း အမျိုးမျိုး အကြောင်းပြပြီး ဟိုကောက် ဒီတောင်း လုပ်နေတော့ ကျွန်တော်တို့မှာ အထူး ဒုက္ခရောက်နေကြရပါတယ်။ မြန်မာ ရေတပ်က ကျွန်တော်တို့ ဒေသမှာ မရှိမကောင်း၊ ရှိမကောင်း ဖြစ်နေပါ တယ်” ဟု အမည်မဖေါ်လိုသူ စစ်တွေမှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စစ်တွေမြို့ စျေးကြီး ဖေါင်တော် အနီး ကုလားတန် မြစ်ဝတွင် ကျောက်ချ ရပ်နားထားသော နေဗီကြီးမှ ငါးဖမ်း သင်္ဘောများထံမှ  ပင်လယ်ပြင်ကို တစ်ခေါက်ထွက်တိုင်း ကျပ် (၂) သိန်း ကောက်ခံနေရသည်ဟု ဆိုသည်။

“သူတို့က အရင်  စစ်အစိုးရ လက်ထက်က ငါးဖမ်း သင်္ဘော တစ်စီး ပင်လယ်ပြင်ကို ထွက်ရင် ကျပ် တစ်သိန်း ကောက်ခံခဲ့တယ်။  ဦးသိန်းစိန်အစိုးရ လက်ထက်မှာကျတော့ ပိုဆိုးသွားတယ်။  ကျပ် (၂) သိန်းစီ ကောက်တယ်။ ဒါ့အပြင် ပင်လယ်ထဲက ပြန်ဝင်လာရင် သူတို့ ကြိုက်တဲ့ ငါးကြီး (၃) ကောင်ကို ပေးရတယ်။ အဲဒါတွေကို မပေးရင် အကြောင်းအမျိုးမျိုးပြပြီး ရစ်တာပါဘဲ။ ဟိုစစ်ဆေး စရာ ဒီစစ်ဆေးစရာ ရှိတယ်ဆိုပြီး လုပ်တော့တာပါဘဲ” ဟု အဆိုပါ ငါးလုပ်ငန်းရှင်က ပြောသည်။

စစ်တွေမှ ငါးဖမ်း သဘောင်္များသည် ငါးရရှိမူ အနည်းအများ အပေါ် မူတည်ပြီး တစ်လတွင် နှစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ် ကျစီ ပင်လယ်ပြင်ကို ထွက်ပြီး ငါးဖမ်းကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ငွေကြေးကောက်ခံနေခြင်းကို စစ်တွေမြို့ စျေးကြီးဖေါင်တော် အနီးမှ ရေတပ် သင်္ဘောများကသာ ပြုလုပ်ခြင်း မဟုတ်ဘဲ တစ်ခြားနေရာများတွင်လည်း တစ်ခြားရေတပ် သင်္ဘောများက ပြုလုပ်နေသည်ဟု ပြောဆိုသည်။

ပေါက်တောမြို့နယ် စိုးမဲကျီကမ်းခြေနှင့် မင်းတဲကမ်းခြေဘက်တွင် ရေတပ်မှ ကောက်ခံနေပုံကို ဒေသခံ ငါးဖမ်းစက်လှေ ပိုင်ရှင် တစ်ဦးက ယခုလို ပြောသည်။

“ငါးဖမ်းစက်လှေငယ်ဆိုရင် အရင်တုန်းက ကျပ် (၅)သောင်းဘဲ ကောက်ပါတယ်။ ခုတော့ ကျပ် (၁) သိန်းစီ ကောက်နေ တော့ ငါးဖမ်းသမားတွေအတွက် အမြတ်မရတဲ့အပြင် အရင်းတောင်ပြုတ်သွားမယ့်  အခြေအနေ ဖြစ်ပါတယ်။ ပြီးရင် စက်လှေငယ်သမားတွေဆီက ဆိုရင် သူတို့ကြိုက်တဲ့ ငါးကြီး ၂ ကောင်စီ ယူထား လိုက်တယ်။ မပေးလို့မရဘူး” ဟုဆိုသည်။

၎င်းပြင် ကုလားတန် မြစ်ကြောင်း အတိုင်း မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ ဘက်သို့ သွားလာ နေသော မော်တော်ဘုတ်များ၊ စက်လှေများနှင့် လက်ခတ် လှေသဗ္ဗာန်များမှလည်း မတရား ကောက်ခံမှုများ ရှိနေသည်ဟု ပုဏ္ဏားကျွန်းမြို့မှကုန် သည်တဦးက ပြောသည်။

“ရေတပ်က ကောက်နေတာတွေ မတရားမှုတွေ အရမ်းများနေပါတယ်။ စက်ဘုတ်တစီးကို ကျပ် တစ်သောင်း ကနေ နှစ်သောင်းထိ ကောက်နေတဲ့အပြင် စားဆီ တစ်ပုလင်း၊ ဘီယာ ၃လုံး၊ ရမ်တစ်လုံးနဲ့ တခြား သူတို့ ကြိုက်တဲ့ ပစ္စည်း တွေကို ပေးနေရပါတယ်။ အမြတ်တွေ အားလုံး ရေတပ်က စားလိုက်ပြီလို့ လူတွေက ပြောနေကြပါတယ်။ ကျွန်တော်တို့ ကုန်သည်တွေ အတွက် နစ်နာမှုက စစ်အစိုးရ လက်ထက်ကနဲ့ စာလို့ရှိရင် ခုပိုဆိုးလာပါတယ်” ဟုပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် စစ်တပ်က တိိုက်ရိုက်ကိုင်တွင် အုပ်ချုပ်သဖြင့် တစ်စုံတစ်ရာထိ အထက် အမိ်န့်ကို အောက်ခြေ တပ်များက နာခံခဲ့ကြသော်လည်း ယခုအခါ ရခိုင်ပြည်နယ် အစိုးရ အာဏာပိုင်များကို စစ်တပ်၊ ရေတပ်များမှ ( ဖုတ်လေသည် ငပိ၊ ရှိလေသည်ဟု မထင်) ပုံစံမျိုးဖြင့် အလေးထားမူ (လုံးဝ) မရှိကြသဖြင့် အခြေအနေမှာ ပိုဆိုးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ ရေတပ် သင်္ဘောများသည် ရခိုင် ကမ်းရိုးတန်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ မြို့နယ် များမှ ရေပြင်ကို အားကိုး မှီခိုပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက် နေကြသော ငါးဖမ်းသမားများ၊ မော်တော်စက်လှေများ၊ သင်္ဘောများ ထံမှလည်း ငွေကြေးများ ကောက်ခံ နေသည်ဟု သိရသည်။

အများစု ရခိုင်ဒေသခံများမှာ ရခိုင်လူမျိုးများ အပေါ် မြန်မာ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက လူမျိုးရေး အရ ခွဲခြားပြီး နည်းမျိုးစုံဖြင့့် ဖိနှိပ် အုပ်ချုပ်နေသည်ဟု မြင်နေကြပြီး စစ်တွေက အမည်မဖေါ်လိုသူ  နိုင်ငံရေး သမား တစ်ဦးကမူ ရခိုင်ပြည်နယ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ထဲက ပြည်နယ် တစ်ခုနှင့် မတူဘဲ ဗမာများ လက်အောက်သို့ ကျရောက်နေသော ကိုလိုနီ နယ်ပယ် တစ်ခုနှင့် ပိုတူနေကြောင်း သုံံးသပ် ပြောဆိုသည်။

Most read this week