အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ သမ္မတ ဦးသိန်းစိန်အား အိန္ဒိယ စက်မှုလုပ်ငန်း အသင်းချုပ်ကြီး CII က မုံဘိုင်းမြို့တွင် သောကြာနေ့ည၌ သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။
CIICII ဥက္ကဋ္ဌ မစ္စတာ အဒီ ဂိုဒရက် Mr Adi Godrej ဦးဆောင် သည့် အမှုဆောင် အရာရှိများက အိန္ဒိယ-အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာ သမ္မတအား ဂုဏ်ပြုသည့် အနေဖြင့် ည ၉ နာရီခွဲခန့် တွင် တံခါးပိတ် ညစာစားပွဲ ကျင်းပမည် ဖြစ်သည်။
“သမ္မတကြီး လာတဲ့အခါကျတော့ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေက တွေ့ချင်တယ်ပေါ့ဗျာ။ နယူးဒေလီမှာ ခွင့်တောင်းတယ်ဗျ။ ဒါပေမယ့် ဘယ်လိုမှ အချိန်မရပါဘူး။ အဲတော့ သမ္မတကြီး မုံဘိုင်းကို သွားမယ်ဆိုတော့ မုံဘိုင်းမှာ သူတို့တတွေက ညစာနဲ့ ဧည့်ခံပါရစေဆိုပြီး အဲဒီအဖွင့်အရေးမှာ သူတို့ဘက်က စီးပွားရေးသမားတွေလည်း ဖိတ်ထားမယ်ပေါ့။ အဲဒီမှာတော့ တောင်းဆိုတာတို့၊ ဆွေးနွေးညှိနှိုင်းတာတို့ လုပ်မှာမဟုတ်ပါဘူးဗျာ။ အလွတ်သဘော ညစာ ဧည့်ခံရင်းနဲ့ တွေ့ကြမှာပါ” ဟု ဒေလီရှိ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေး က မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက အိန္ဒိယ ကုမ္ပဏီပေါင်း ၆ဝ ကျော်၏ သီးသန့် ကုန်စည်ပြပွဲ ကို CII က စီစဉ်ကျင်းပခဲ့သည်။
အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂ဝ၁ဝ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့်တွင် အကြံုးဝင်သလို ၂ဝဝ၉ က လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။
လက်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁,၅ဝဝ ရှိပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေး စား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂ဝ၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆ တိုးမြှင့်ရန် နယူးဒေလီမြို့တွင် စက်တင်္ဘာလအတွင်းက ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေးကော်မတီ အစည်းအဝေးမှ သဘောတူခဲ့ကြသည်။