သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်

သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်
by -
မဇ္စျိမ

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော် လိုက်သည်။

နယူးဒေလီမြို့တွင် ကျင်းပနေသည့် အိန္ဒိယနှင့် အာဆီယံ ၁ဝ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တွင် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

 Government of India)

“ကျွန်ုပ်တို့အနေနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန် အကောင်အထည်ဖော် ပြီးစီးရေးနဲ့ လာအိုနဲ့ ကမ္ဘောဒီယားအထိ တိုးချဲ့သွားဖို့ မြင့်မြင့်မားမား ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု မန်မိုဟန်ဆင်း က ပြောသည်။

မြန်မာနိုင်ငံမှာ အာဆီယံနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများအကြား ကုန်းမြေ ဆက်သွယ် ပေါင်းကူးပေးသည့် ဂိတ်တံခါးမကြီးတခုလည်း ဖြစ်သည်။

ဒီဇင်ဘာလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသည့် အကြိမ် ၂ဝ မြောက် အိန္ဒိယ-အာဆီယံ ဆွေးနွေးဖက် အဆင့်နှင့် ၁ဝ ကြိမ်မြောက် ထိပ်သီးအဆင့် အစည်းအဝေးတွင် မြန်မာ သမ္မတ ဦးသိန်းစိန် လည်းပါဝင်တက် ရောက်နေသည်။

သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂ဝ၁၆ ခုနှစ်တွင် ပြီးစီးရေးအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ် မြန်မာနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့စဉ် ဆွေးနွေးခဲ့သေးသည်။

၁၉၈၈ မိုင် ရှည်လျားသည့် ထိုလမ်းမကြီးတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့မှ မန္တလေးမြို့ထိ မိုင် ၅ဝဝ ရှိသည်။

ထိုလမ်း ဖောက်လုပ်ရေးအတွက် ၂ဝဝ၂ ခုနှစ်ကတည်းက သုံးနိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပုဂံမြို့ကို လည်း ဖြတ်သန်းကာ ထိုင်းနယ်စပ် မြဝတီမြို့သို့ ပေါက်မည်ဖြစ်သည်။

ထိုလမ်းမကြီး အမြန်အကောင်အထည်ဖော်ရေးအတွက် သုံးနိုင်ငံ ခေါင်းဆောင်များ နယူးဒေလီတွင် သီးသန့် တွေ့ဆုံ ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ထားသည်။

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှသည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို အပြီးသတ် ဆွေးနွေးနိုင်ခဲ့ကြသည်။

လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေသည်။

“ကျနော်တို့အနေနဲ့ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ဖို့ ရည်ရွယ်ထားပါ တယ်” ဟု အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အာနန်း ရှားမား Anand Sharma က ကုန်သွယ်ရေး ဝန်ကြီးများ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအရ အာဆီယံနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြံုရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာနေလျက်ရှိသည်ကိုလည်း အမေရိကန်နိုင်ငံက ကြိုဆိုကြောင်း သဘောထားများ ထုတ်ပြန်ထားသည်။

Most read this week