ထိုင်းမြန်မာနယ်စပ်၊ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျောင်းသားပွဲတော်ကို ယခုနှစ်မှာတော့ ကျောင်းပေါင်းစုံ စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်တော့တာကို မြင်တွေ့ရပါတယ်။
အခုလိုစုပေါင်း ကျောင်းသားပွဲတော်ကို များသောအားဖြင့် ဒီဇင်ဘာလအတွင်းမှာ စခန်းတွင်းရှိ အထက်တန်းကျောင်းနှင့် အထက်တန်းလွန်ကျောင်းတို့ မှ ကျောင်းသူ၊သားများ စုပေါင်းကာ ကျင်းပလေ့ရှိကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အထက်တန်းလွန်ကျောင်း ဖြစ်တဲ့ KnCC ( Karenni Community College) မှ ကျောင်းအုပ် ဆရာ စောဂလယ်ဒိုမှူး က “အခုလိုမျိုး ပြုလုပ်ရတာကတော့ ဘတ်ဂျက် အခက်အခဲရှိလို့ပါ။ အဲ့ဒါက တခု။ နောက်တခုက ခါတိုင်းနှစ်တွေတုန်းက ပေါင်းလုပ်တာကလည်း ထိရောက်မှုသိပ်မရှိဘူး။ ကျောင်းသားတွေက အလေအလွင့်ပဲများတယ်လေ။ ကျောင်းသားပွဲတော်လို့ ပြောပေမယ့်လည်း ကျောင်းသားတွေကို အတင်းခေါ်ပြီး ကစားခိုင်းသလိုမျိုးဖြစ်နေတယ်” ဟု ဆိုသည်။
ခါတိုင်းနှစ်တွေမှာတော့ ကျောင်းများစုပေါင်းကာ အားကစားပြိုင်ပွဲများ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲများ စတဲ့ပြိုင်ပွဲ ပေါင်းမျိုးစုံ ကျင်းပကြတာပါ။
အထက်တန်းလွန်ကျောင်းမှ ကျောင်းသားတဦးဖြစ်တဲ့ သန်းထွန်းဦး ကနေပြီး ယခင်နှစ်တွေကလို စည်စည်ကားကား မရှိတော့တဲ့အတွက် သူ့ရဲ့ဆန္ဒကို အခုလိုပြောပြသွားပါတယ်။
“ကျနော့စိတ်ထဲမှာတော့ ကျောင်းအားလုံးနဲ့ ခါတိုင်းနှစ်လိုမျိုး စည်စည်ကားကားလုပ်ချင်တာပေါ့။ ဒါပေမယ့် ဒီလိုပဲလုပ်ရတော့ စိတ်ထဲမှာတော့ ပျော်ချင်သလောက် မပျော်နိုင်ဘူးပေါ့”
အခုလိုပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံတကာ အလှူရှင်များဟာလည်း နယ်စပ်ဖက်ကို အာရုံစူးစိုက်မှုတွေ လျော့နည်းလာပါတယ်။
ကရင်နီအထက်တန်းလွန်ကျောင်းကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေဟာလည်း အခုလိုနေရာမှာထက် ပြည်တွင်းကို သာပိုပြီးစိတ်ဝင်စားမှုပိုရှိလိမ့်မယ်လို့ ဆရာ ဂလယ်ဒိုမှူး က သူ့ရဲ့အမြင်ကို အခုလိုပြောပြ သွားပါတယ်။
“အလှူရှင်ကတော့ ကျတော်တို့ကို တည့်တည့်တော့ မပြောဘူးပေါ့နော်။ ဒါပေမယ့် သူတို့ပြောသံထဲက ကောက်ကြည့်မယ် ဆိုရင်တော့ သူတို့အနေနဲ့လည်း ကျတော်တို့ကို ဖြစ်နိုင်ရင်တော့ ပြည်တွင်းမှာအစီအစဉ် တွေ လုပ်ဖို့ အဲ့လိုမျိုးပြောသံတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့်သူတို့က တရားဝင်ပြောတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့”