အစိုးရမူးယစ်တိုက်ဖျက်ရေး အဖွဲ့များ RCSS နယ်မြေထဲ ၀င်ခွင့်မပြု

အစိုးရမူးယစ်တိုက်ဖျက်ရေး အဖွဲ့များ RCSS နယ်မြေထဲ ၀င်ခွင့်မပြု
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းဆတ်မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၌ ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် သဘောတူထားသည့် ပူးတွဲအစီစဉ်ကို အစိုးရဘက်က ဆန့်ကျင်ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကို ပါဝင်ခွင့်မပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

ဓါတ်ပုံ (ရှမ်းသံတော်ဆင့် သတင်းဌာန)

ယင်းအခြေအနေအရ “အစိုးရဖက်က ဘာကြောင့် လက်တွဲပြီးမဆောင်ရွက်နိုင်တာလဲ ဆိုတာကိုတော့ နားမလည်ဘူးဗျ။ အဲဒါကြောင့်ဘဲ ကျနော် တို့ ထိန်းချုပ်နယ်မြေထဲကို ကျနော်တို့နဲ့ မညှိနှိုုင်းဘဲနဲ့ ဝင်လာ ရင်တော့ တားရမှာဘဲ။ ကျနော်တို့ဘက်မှာလဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ရှိနေပြီးသားပါ။ ပူးပေါင်းသင့်ပါတယ်။ တကယ်တော့လည်း သူတို့ဖက်က တိုက်ဖျက်လာတာကိုက ကြိုဆိုစရာပါ။ သူတို့ဖက်က မူးယစ်ဆေးဝါး တိုက်ဖျက်နေတာလဲ နှစ်ပေါင်းက မနည်းတော့ဘူးလေး။” ဟု ဆိုသည်။

ရှမ်းပြည် အရှေ့တောင်ပိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က တာချီလိတ်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး UNODC ၊ RCSS မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ နှင့် အစိုးရ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ကြသည်။

ထိုဆွေးနွေးပွဲများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးတွဲဆောင်ရွက်ကြရန် သဘောတူခဲ့ကြသလို မူးယစ်ဆေးဝါး အစားထိုး သီးနှံ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့သည်။

သို့သော် မူးယစ်ဆေးဝါး တိုက်ဖျက်ရာ၌ လုံခြုံရေး ပူးပေါင်းတာဝန်ယူသွားရန် ဆိုသည့် အချက်အပေါ် အစိုးရဘက်က လက်မခံနိုင်သဖြင့် ယနေ့တိုင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆိုသည်။

 ဓါတ်ပုံ (ရှမ်းသံတော်ဆင့် သတင်းဌာန)     

တချိန်တည်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့က ရှမ်းပြည်နယ် အရှေ့ တောင်ပိုင်း မိုင်းဆတ်ခရိုင် အတွင်း ခရိုင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့တို့က အစိုးရတပ်၏ လုံခြံုရေးအစီစဉ်ဖြင့် မူးယစ်ဆေးဝါးများ လိုက်လံဖျက် ဆီးခဲ့သည်ဟုလည်း ဆိုသည်။

ယင်းသို့ ညှိနှိုုင်းမှု မရှိသောကြောင့် ပူးပေါင်းတိုက်ဖျက်ရေး အစီအစဉ်များ ကြန့်ကြာနေရခြင်းဖြစ်သလို အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ တပ်အင်အားအသုံးပြု ဝင်လာပါက မလွှဲမသွေ ပဋိပက္ခများ ဖြစ်လာဖွယ် ရှိသည်ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ဆိုသည်။

RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများအပေါ် မူတည်၍ ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နွန်ထဘူရီခရိုင်တွင် ကျင်းပသည့် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ RCSS ဥက္ကဌအား ရွှေလင်းယုန် (Gold Eagle Award) ဆု နှင့် ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့သည်။