ကျောက်ဖြူတွင် နွားလှည်းသမားများ ဆန္ဒပြ

ကျောက်ဖြူတွင် နွားလှည်းသမားများ ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကုန်တင် ကုန်ချ ပြုလုပ်နေသော နွားလှည်းသမားများသည် သူတို့ထံမှ အခွန်အကောက်များ မတရား ကောက်ခံနေမူ အပေါ် မကျေနပ်သဖြင့် ယနေ့တွင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ကျောက်ဖြူမြို့ နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် ကျောက်ဖြူမြို့ပေါ်သို့ စက်လှေ၊ မော်တော် ဘုတ်များဖြင့် သွားလာရာတွင် ဂျပန်မ ဆိပ်ကမ်းမှ တဆင့် သွားလာကြရသည်။

 Kyauk-Pru-bull-puller

ဂျပန်မ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်းပေါ်နှင့် မြစ်ကမ်းရေစပ်သည် ရှည်လွန်း လှသဖြင့် ဒီရေ ကျချိန်တွင် နွားလှည်းများကို အသုံးပြုကာ ကုန်ပစ္စည်းများကို အတင်အချ ပြုလုပ် ကြရပြီး ခရီးသည်များကိုလည်း နွားလှည်းများဖြင့် ကုန်းပေါ်နှင့် ရေစပ် စက်လှေ မော်တော်ဘုတ်များ ရှိရာသို့ အသယ်အပြောင်း လုပ်ကြရသည်။

ကုန်ပစ္စည်းများနှင့် ခရီးသည်များကို အသယ်အပြောင်း လုပ်သော နွားလှည်းများထံမှ မြို့နယ် စည်ပင်နှင့် ဆိပ်ကမ်းအာဏာပိုင်များမှ အခွန်အကောက်များ ကောက်ယူကြသည်။

ထိုသို့ ကောက်ယူရာတွင်  မြို့နယ် စည်ပင်မှ ဒေသခံ တစ်ဦးကို လေလံပေး ကောက်ယူစေပြီး  ဆိပ်ကမ်း အာဏာပိုင်များကမူ သူတို့အထဲမှ လူမိုက်လိုလို တစ်ဦးကို စေခိုင်းကာ ကောက်ယူနေသည်ဟု ဆိုသည်။

“ဂျပန်မ ဆိပ်ကမ်းဟာ ဒေသခံတွေ ပြည်သူတွေ အများဆုံး အသုံးပြုနေကြတဲ့ ဘုတ်ဆိပ်ဖြစ်ပါတယ်။ အဲဒီဆိပ် ကမ်းကနေ မြို့ပေါ်သို့ ပစ္စည်းတင်ဆောင်တဲ့ နွားလှည်းတစီးကို အရင်ကျပ် ၂၀၀ ကောက် ပါတယ်။ နောက်ပိုင်း ကျတော့ ဘယ်လို ကောက်လာလည်း ဆိုတော့ ပစ္စည်းအပေါ်မှာ မူတည်ပြီး ကောက်လာပါတယ်။ ဥပမာ နွား လှည်းတစီးက သယ်လာတဲ့  အိမ်မွေး တိရစ္ဆာန်တွေ၊ စားကုန် ပစ္စည်းတွေနဲ့ တခြား ကုန်ပစ္စည်းတွေ အမျိုးအစား ခွဲခြားပြီး  တခုချင်း စီးကောက် လာပါတယ်။ ဥပမာ ၀က်တစ်ကောင် ၅၀၀ ကျပ်၊ ဆိတ် တစ်ကောင် ၅၀၀ ကျပ်၊ အဲသလိုမျိုး ကောက်လာတော့ နွားလှည်း တစ်စီးကို အရင်က ကျပ် ၂၀၀ ကောက်ရာကနေ ပစ္စည်း အမျိုးအစား အလိုက်ခွဲပြီး ကောက်လာတော့ နွားလှည်းတစီးကနေ ကျပ်၂၀၀၀ ကနေ ၃၀၀၀ အဲသလိုမျိုးထိ ဖြစ်လာတယ် ” ဟု ကျောက်ဖြူမြို့နယ် ပြည်လည်ထူထောင်ရေး အတွင်းရေးမှူး ကိုလှမျိုးက နိရဥ္စရာသို့ ပြောပြသည်။

kyaukphyu-demonstration

ထိုသို့ ကောက်ယူနေကြသဖြင့် တစ်ဝမ်း တစ်ခါးအတွက် ဆင်းရဲ ပင်ပန်းစွာ လုပ်ကိုင် စားသောက်နေသူ နွားလှည်း ပိုင်ရှင်များကို ထိခိုက်လာခဲ့သည်ဟု ဆိုသည်။ သို့အတွက် နွားလှည်းသမား ၅၀ ခန့်သည် ဒီဇင်္ဘာလ ၂၀ ရက် ယနေ့ နံနက်ပိုင်းက ဂျပန်မဆိပ်ကမ်းတွင် မကျေနပ်မူကို ဆန္ဒပြခဲ့ကြသည်ဟု နွားလှည်းပိုင်ရှင် ကိုတင်အောင်က ပြောသည်။

“ ဒီနေ့ မနက် ရ နာရီကနေ ၈ နာရီအထိပြခဲ့ကြပါတယ်။ နွားလှည်းတွေကို လမ်းမှာ စီတန်းပြီး ဆန္ဒပြ ခဲ့ကြတာပါဟု ” ဟု ပြောသည်။

ယခုကဲ့သို့ အဆမတန် ငွေကောက်ခံ လာသည့်အတွက် ဒေသခံ ပြည်သူများသည် ဂျပန်မ ဆိပ်ကမ်းကို အသုံးမပြုတော့ဘဲ ခိုးလမ်းများကို အသုံးပြုကာ ပစ္စည်းများကို တင်ဆောင် လာကြသည်ဟု သိရသည်။

“ကြာလာရင် ဒေသခံတွေဟာ အဲဒီဆိပ်ကမ်းက ပစ္စည်းတွေ အတင်အချ မလုပ် ၀ံ့ကြတော့ဘူး။ တခြား နေရာတွေက ခိုးပြီးတော့ တင်လာကြတယ်။ အထက်ကိုလည်း မတိုင်ကြားဝံ့တော့ လူတွေက အလိုလိုနေရင်း မှောင်ခိုသမားတွေလို ခိုးကြောင်ခိုးဝက် ဖြစ်လာကြတယ်။ နွားလှည်းသမားတွေမှာလည်း ကုန်ပစ္စည်း အသယ်အပြောင်း မလုပ်ရတော့ ၀င်ငွေတွေလည်း ထိခိုက်လာပါတယ် ” ဟု သူက ဆိုသည်။

ကျောက်ဖြူမြို့ရှိ ဂျပန်မဆိပ်ကမ်းကို မြို့နယ ်စည်ပင်မှ ၂၀၁၂-ခုနှစ် မတ်လ အတွင်းက လေလံ ဆွဲခဲ့ကြောင်း၊ အဆမတန်ငွေ ကောက်ခံမှုမှာ ၄လခန့်ရှိနေကြောင်း၊ မီဒီယာများမှ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ကြောင်း၊ ယခု ပြန်လည်ပြီး စည်းမဲ့ကမ်းမဲ့ ကောက်ယူ လာခြင်း ဖြစ်ကြောင်း  ဂျပန်မဆိပ်ကမ်းမှ အမည်မဖေါ်လိုသူတ ဦးကလည်း ပြောသည်။

“လေလံ စဆွဲတုန်းကတော့ သူတို့ စည်ပင်က ရေးပေးထားတဲ့ ဆိုင်းဘုတ်ကို တင်ပါတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက နွားလှည်း တစ်စီး ကျပ် ၂၀၀။  သူတို့အစတုန်းက ၂၀၀ ကနေ စကောက်ပါတယ်။ အခု ကျွန်တော်မြင်တာက ဆိုင်းဘုတ်မှာ ရေးတာက တခြား၊ ကောက်တဲ့လူက ကောက်နေတာက တခြား အဲသလိုဘဲ  မြင်ပါတယ်”ဟုပြောသည်။

၎င်းပြင် စည်ပင်မှ လိုင်စင်ရထားသူများသည် နွားလှည်းများနှင့် နွားလှည်းပေါ်မှ ကုန်ပစ္စည်းများကိုသာ ကောက်ယူသည်သာမက ဆိပ်ကမ်းပေါ်သို့ တက်လာသူများ ထံမှလည်း ကောက်ယူသဖြင့် နေ့စဉ် နေ့တိုင်း လိုလို ဂျပန်မ ဆိပ်ကမ်းတွွင် ရန်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

Most read this week