ဂီရီ မုန်တိုင်းသင့် မေ့ပျောက်ခံ ပြည်သူများ အတွက် အစီရင်ခံစာ ထုတ်ပြန်

ဂီရီ မုန်တိုင်းသင့် မေ့ပျောက်ခံ ပြည်သူများ အတွက် အစီရင်ခံစာ ထုတ်ပြန်
by -
နိရဥ္စရာ

၂၀၁၀ ခုနှစ် အောက်တိုဘာလ က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင် ဒေသခံပြည်သူများ၏ ယနေ့အချိန်ထိ ကြံုတွေ့ နေရသော ပြဿာနာများနှင့် ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က အစီရင် ခံစာ တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

ဂီရီ မုန်တိုင်းသင့် မေ့ပျောက်ခံ ပြည်သူများ အတွက် အစီရင်ခံစာ ထုတ်ပြန်

အဆိုပါ အစီရင်ခံစာကို “Voices from the Arakan State of Western Burma (Myanmar)” အမည်ဖြင့် အင်္ဂလိပ်ဘာ သာဖြင့် ထုုတ်ဝေလိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာ ထုတ်ဝေရခြင်း ရည်ရွယယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦးက နိရဥ္စရာသို့ ပြောသည်။

“ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ ဂီရိမုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ရခိုင်ပြည်သူတွေဟာ ဒီနေ့ထက်တိုင် စားဝတ် နေရေးနဲ့ မိသားစု နေထိုင်ရေး အိုးအိမ်တွေ မတည်ဆောက်နိုင်သေးဘူး။ အစိုးရပိုင်းကလည်း ပြန်လည် ထူထောင်ရေးနဲ့ စားဝတ်နေရေး စတာတွေကို အဆင်ပြေအောင်  မလုပ်ပေးနိုင်သေးတဲ့ အခြေအနေတွေကို မြန်မာအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက သိရှိအောင် ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်။”

၎င်းအပြင် ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ- ရခိုင် ပြဿနာများကြောင့် ဂီရိမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများ၏ ဘဝကို မေ့ပျောက်မသွားအောင်လည်း ရည်ရွယ်သည်ဟု သူက ပြောသည်။

“နောက်တခုက ကျွန်တော်တို့ ရခိုင်ပြည်မှာ ရခိုင်- ဘင်္ဂလီ  ဖြစ်ပွားခဲ့တဲ့ အဓိဂရုဏ်းကြောင့် ဂီရိမုန်းတိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို မေ့ပျောက်သွားကြပါတယ်။  အဲဒါတွေကို ပြည်သူလူထုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တွေ၊ မြန်မာအစိုးရက ပြန်လည်သတိရအောင် ထုတ်ပြန်ရတာလဲ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ရခိုင်ပြည်တွင် ဂီရိမုန်တိုင်းဒဏ်ခံခဲ့ရသည်မှာ ၂ နှစ်ကျော်သွားပြီဖြစ်သော်လည်း အခက်အခဲ အကြောင်း အမျိုးမျိုးကြောင့် (၁)  နှစ်ပြည့် အစီရင်ခံစာကို မထုတ်ပြန်နိုင်ဘဲ (၂) နှစ်လွန် အစီရင်ခံစာကိုသာ ထုတ်ပြန်နိုင် ခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်မင်းဦးက ပြောသည်။

ယခုထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ပါ၀င်သည့် အချက်အလက်များနှင့် ပတ်သက်ပြီး ကိုအောင်မင်းဦး က ယခုကဲ့သို့ ပြောသည်။

“အစီရင်ခံစာမှာ အဓိကအားဖြင့် ဂီရိမုန်တိုင်း မဖြစ်မှီအခြေအနေ၊ ဖြစ်ခဲ့တဲ့အခြေအနေ၊ ဂီရိမုန်တိုင်း ဖြစ်ပြီး နောက်ပိုင်း အခြေ အနေတွေနဲ့ လက်ရှိအခြေအနေ အခက်အခဲတွေကို အသေးစိတ် ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ပြီး တင်ပြ ထားတာ ဖြစ်ပါတယ်။”

အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြင့် ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရသော ရခိုင်ပြည်သူများ၏ လက်ရှိ ဘဝရပ်တည်နေထိုင် ရေး အခြေအ နေများကို သိရှိလာကာ အာရုံစူးစိုက်လာ နိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း ကိုအောင်မင်းဦးက ပြောသည်။

“အစီရင်ခံစာ ထုတ်ဝေလိုက်ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းရေ၊ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရတို့ရဲ့ အလေးထား မှုကို ခံလာရမယ်။ အထူးသဖြင့် ပြည်တွင်းပြပ NGO တွေ တစုံတရာ သိမြင်လာလို့ရှိရင် ဂီရိမုန်တိုင်းသင့် ပြည်သူတွေ အတွက် အကျိုးရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အစီရင်ခံစာတွင် မိတ်ဆက်၊ ရခိုင်ပြည်နောက်ခံသမိုင်း၊ ယခင်ဖြစ်ပွားခဲ့သည့် အခြေအနေများကို သင်္ခန်းစာယူမည့်အခြေ အနေ၊ ဂီရိမုန်းတိုင်းသင့်် ဒေသမှ ပြည်သူလူ၏အသံ၊ ဂီရိမုန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြည်သူတွေရဲ့အသံ၊ အစိုးရနှင့် နိုင်ငံ တကာ NGO အလှူရှင်များ၏ လှုပ်ရှားမှုအခြေအနေနှင့် အကြံပေးစာ များအပါအဝင် အခန်း ၈ ခန်းခွဲပြီး ရေးသားထားရာ စာမျက်နှာ ၁၃၀ ကျော်ပါရှိသည်ဟု သိရသည်။

ဂီရိမုန်တိုင်းသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း တနာရီလျှင် မိုင် ၁၂၀ မှ ၁၆၀ နှုန်းဖြင့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်များသို့ ၀င်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်သူ အနည်းဆုံး (၂၅၉) ဦး သေဆုံးခဲ့ရပြီး (၂၀၀,၀၀၀ ) နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ လူနေအိမ်များ၊ စိုက်ပျိုးပြီး လယ်ယာများ၊ ရေလုပ်ငန်းများအပါအဝင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် လမ်းတံတားများ ပျက်စီးခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

Most read this week