‘မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော

‘မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော
by -
သျှမ်းသံတော်ဆင့်

၂၀၀၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင့် လိုင်စင်’ (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။

“မုဒိန်းကျင့်ခွင့် လိုင်စင်” စာအုပ်

“ဦးအောင်မင်းပြောတာ ကြားလိုက်ရတဲ့သူတွေ အရမ်းစိတ်ပျက်ကြတယ်။ အဖြစ်မှန်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌက ပယ်ချလိုက်သလို၊ ခံခဲ့ရတဲ့သူတွေကို စော်ကားလိုက်သလို ဖြစ်သွားတယ်။  SWAN စဖွဲ့ကတည်းက ပြည်တွင်းက အမျိုးသမီးအဖွဲ့၊ လူမှုအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်။ အချက်အလက်တွေ ကောက်ယူခဲ့တယ်။ SWAN ဟာ နယ်စပ်မှာ အခြေစိုက်ပေမဲ့ သျှမ်းပြည်တွင်းဝင် တာ ဒါပထမဦးဆုံးအခေါက် မဟုတ်ဘူး” ဟု SWAN မှ နန်းချမ်တောင်း က ပြောသည်။

ယခင်က တံခါးပိတ်ထားသဖြင့် နန်းချမ်တောင်းက မြန်မာနိုင်ငံတွင်းသို့ မဝင်နိုင်သည့်အတွက် License to Rape စာအုပ်ကို တဖက်သတ်နားနှင့် ရေးသားသည်ဟု ဦးအောင်မင်း က နိုဝင်ဘာ ၂၆ ရက် RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ဒေသခံတွေ ပေးပို့လာတဲ့ အချက်အလက်တွေ၊ ကိုယ်တိုင်သွားရောက်မေးမြန်းလို့ ရလာတဲ့ အချက် အလက်တွေနဲ့ ရေးသားထုတ်ဝေတာပါ။ ထိုင်းနယ်စပ်ကို ရောက်လာတဲ့ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး တွေကို သွားမေးရင် သူတို့က ဒီလိုလာမေးရင် နောက်တခေါက် မုဒိန်းကျင့်ခံရသလို ခံစားရတယ်လို့ တောင် ကျမတို့တွေကို ပြောလာတယ်။ သျှမ်းပြည်က ဒေသခံတွေနဲ့ တွေ့ဆုံတုန်းကလည်း ဒီစာအုပ် လေးက အစအနလေးပါ။ ဒီထက်မက မုဒိန်းကျင့်တာတွေ၊ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ အများကြီး။ ပြည်သူတွေ မပြောပြရဲတာလို့ ဒေသခံတွေ ပြောပြတယ်” ဟု SWAN မှ ယိင်းဟန်ဖှ က လည်း ပြောသည်။

နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ပြည်တွင်း/ပြည်ပ သျှမ်းအဖွဲ့အစည်းများ ပြုလုပ်သည့် “ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆွေးနွေးပွဲသို့ SWAN မှ ပါဝင်တက်ရောက်ခဲ့ပြီးနောက် တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကျေးသီး၊ သီန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်း တုံသို့ ခရီးဆက်ကာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ယင်းကိစ္စ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv ၌ သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆွေးနွေးပွဲ အပါအဝင် သျှမ်းပြည်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

SHAN)

အမျိုးသမီးများအား စစ်တပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နေမှုကို ပြစ်ဒဏ်မပေးဘဲ ကျူးလွန်ခွင့်ပြု နေခြင်းအပေါ် SWAN မှ ဆက်လက်ထုတ်ဖော်ပြောဆိုပေးရန် ပြည်သူက တိုက်တွန်းကြောင်း ဆို၏။

Liense to rape စာအုပ်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့်သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းက စီစဉ်ကာ  ၂၀၀၂ ခုနှစ် မေလတွင် ထုတ်ဝေခဲ့သည်။ စာမျက်နှာ ၁၈၃ မျက်နှာပါ ရှိကာ သျှမ်းပြည်အတွင်း စစ်မျက်နှာပြင်မှ စစ်အစိုးရ အသုံးပြုခဲ့သော လိင်အကြမ်းဖက်မှု၌ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူ အမျိုးသမီးများအား ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းကာ ရေးသားထား ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၇၃ မှုကို အကြမ်းဖက်ခံရသည့် အမျိုးသမီးအရေအတွက် ၊ အသက်အရွယ်၊ အခင်းဖြစ်ပွါးသည့်နေ့ ၊ နေရပ်နှင့် တရားခံ၏နာမည်၊ ရာထူး၊ တပ်ရင်းအမည်တို့ကိုပါ အသေးစိတ်ဖော်ပြထားသည်။ ၎င်းနှင့်ပတ်သက်၍ ၂၀၀၆ ဂျူလိုင်လ ၄ ရက် မြန်မာ့အလင်းသတင်းစာကမူ ၁၃၇ မှု (အမှန်မှာ ၁၇၃ မှုဖြစ်သည်) အနက် ၂ မှုသာ အမှန်ဖြစ် ကြောင်း၊ အဆိုပါ ၂ မှုအား ကျူးလွန်သည့် တရားခံ ကိုလည်း ဖမ်းဆီးပြစ်ဒဏ်ချလိုက်ပြီဖြစ်ကြောင်း၊ ကျန်ရှိအမှုများမှာ ဇာတ်ဆင်ရေးသားထားခြင်း ဖြစ်ကြောင်း ချေပခဲ့ဖူးသည်။

Most read this week