ပခုက္ကူထောင်မှ ရခိုင်ကျောင်းသား ကိုနိုင်စိုး ကျန်းမာရေး စောင့်ရှောက်မူ ပိုရလို

ပခုက္ကူထောင်မှ ရခိုင်ကျောင်းသား ကိုနိုင်စိုး ကျန်းမာရေး စောင့်ရှောက်မူ ပိုရလို
by -
နိရဥ္စရာ

ကျန်းမာရေး အခြေအနေဆိုးရွားနေသော ပခုက္ကူထောင်ထဲမှ ရခိုင်ကျောင်းသား ကိုနိုင်စိုး (ခေါ်) ကိုမဲလုံး၏ ကျန်းမာရေး စောင့်ရှောက်မူ ပိုရလိုသည်ဟု ကိုနိုင်စိုး ဖခင် ဖြစ်သူက ပြောသည်။

Ko-Naing-Soe

“နဂိုကတည်းက ဦးရဲ့သားမှာ အဆုတ် အားနည်းတဲ့ ရောဂါရှိတယ်။ ၂၀၀၉  စက်တင်ဘာလ  ဖမ်းဆီး ခံရတဲ့ အချိန်ကတည်းက စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် မျက်စိ သိပ်မမြင် ရတော့ဘူး။ ခါးရိုးနာတယ်။ ဒူးဆစ် ကိုက်တဲ့ ဝေဒနာတွေကို ခံစားနေရတယ်။ ဒီအတွက် အကျဉ်းထောင်ထဲမှာ  ကျန်းမာရေး စောင့်ရှောက်မူကို ဦးတို့က ပိုရလိုပါတယ်” ဟု ဆိုသည်။

ရခိုင် တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစု၏ နာယက  တစ်ဦးဖြစ်သူ (ရှမ်းကြီးသိုင်း) ဆရာ ဦးမောင်သိန်းသည် သူ၏ သားဖြစ်သူ ကိုနိုင်စိုးရှိရာသို့ များမကြာမှီက ထောင်ဝင်စာ သွားတွေ့ ပြီးနောက် သားဖြစ်သူ၏ ကျန်းမာရေး စောင့်ရှောက်မူကို ပိုမိုရလိုကြောင်း ယခုလို ထုတ်ဖေါ် ပြေကြားလိုက်ခြင်း ဖြစ်သည်။

“ပခုက္ကူထောင်ထဲမှာ ဦးရဲ့သား ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိခဲ့ရတယ်။  ထောင်ထဲမှာ သက်ဆိုင်ရာ ဆရာဝန်တွေရဲ့  ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်တွေ ရှိနေတယ်။ ဒါကြောင့် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ် ” ဟု ဆိုသည်။

“ ဦးရဲ့ သားကို ဖြစ်နိုင်မယ်ဆိုရင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ပိုစီစဉ်ပေးစေချင်တယ်။ ဦးအနေနဲ့  သက်ဆိုင်သူတွေကို အနူးအညွှတ် တောင်းဆိုချင်ပါတယ်။ သက်ဆိုင်ရာ အနေနဲ့ အယင်ကထက် ပိုပြီးတော့ ဂရုစိုက်ပေးစေချင်တယ်” ဟု ပြောသည်။

ကိုနိုင်စိုးသည် စစ်တွေမြို့ ဓညဝတီ ရပ်ကွက်မှ ဖြစ်ပြီး  ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက  တစ်ခြား ရခိုင် ကျောင်းသား လူငယ်များနှင့် အတူ စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကိုနိုင်စိုးအား ဖောက်ခွဲ ပစ္စည်းများ လက်ဝယ် တွေ့ရှိမှု၊ တရားမဝင် ပြည်ပ အသင်းအဖွဲ့ အစည်း များနှင့် ဆက်သွယ်မူ၊ နယ်စပ်ဖြတ်ကျော်မှု၊ အသင်းအပင်း ဖွဲ့စည်းမှု စသည့် ပုဒ်မ တသီးတတန်းဖြင့် တရား စွဲဆိုကာ ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့သည်။

ကိုနိုင်စိုးသည် ဥပဒေ ကျောင်းသားဟောင်း တစ်ဦး ဖြစ်ပြီး စစ်တွေတွင် ကျောင်းသားများ အရေး၊ ဒီမိုကရေစီ အရေးများကို  တက်ကြွစွာ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။

ကိုနိုင်စိုးအား ပြည်ပရောက် မြန်မာ အမျိုးသားများက လွန်ခဲ့သော မြန်မာ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် တစ်ခြား အများအကျိုးအတွက် သယ်ပိုးဆောင်ရွက် အနစ်နာခံ ပေးဆပ်သူ  မြန်မာနိုင်ငံသား (၄) ဦးနှင့် အတူ အညတရ သူရဲကောင်းဆု ချီးမြှင့် ခဲ့သည်။

Most read this week