KIA တပ်ရင်း (၃) နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ

KIA တပ်ရင်း (၃) နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ
by -
ကချင်သတင်း

ဝိုင်းမော်မြို့နယ်တွင်အခြေစိုက်သည့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃) နှင့်မြန်မာ အစိုးရတပ်များ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။

KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း (၃) သတင်းရပ်ကွက်မှပြောသည်။

မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင်ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များသည် နံနက် ရ နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းနှင့် အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ ဆိုသည်။

ကန်ပိုင်တီလမ်းပေါ်ရှိ KIA တပ်များ၏စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းက မြန်မာအစိုးရတပ်မှ သိမ်းယူခဲ့သော စခန်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွားပြည်သူလူထုထံမှ ငွေကြေးများ မတရားကောက်ခံခဲ့သည်။

ထိုနေ့ တရက်တည်းတွင် Sambai မှ Ga Ra Yang သို့ နေ့လည် ၁၁ နာရီခန့်က စစ်ကူအနေဖြင့် ချီတက် လာသော မြန်မာအစိုးရစစ်ကြောင်းကို KIA တပ်ရင်း ၃ တပ်သားများက လမ်းတစ်ဝက်မှ  တိုက်ခိုက်ခဲ့ရာ မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းလည်း သိရသည်။

ယင်းအခြေအနေများအတွင်း ၀ိုင်းမော်မြို့မှ ထွက်လာသည့် စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိ်န်သည် KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည်မှ စစ်အင်အားထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။

Most read this week