ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေနေရာ အများစု ဗိုလ်ချုပ်ဟောင်းများ လက်ထဲရောက်

ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေနေရာ အများစု ဗိုလ်ချုပ်ဟောင်းများ လက်ထဲရောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ သာယာလှပသော ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်ရှိ ပင်လယ်ကမ်းခြေမှ အကွက်အကောင်း ကျသော နေရာ အများစုမှာ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် သူတို့၏ ဆွေမျိုး မိသားစု လက်ထဲသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း သိရသည်။

များမကြာမီက သံတွဲမြို့နယ် အတွင်း အသိမ်းခံထားရသော မြေများကို သွားရောက် စစ်ဆေးခဲ့သည့် လယ်ယာမြေများနှင့် တစ်ခြားမြေများ စစ်ဆေးရေး လွှတ်တော် ကော်မရှင် အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ သံတွဲ ရွှေဝါချိုင်တွင် သူမြင်တွေ့ခဲ့ရသော အခြေအနေများကို ယခုလို ပြောကြားသည်။

“သံတွဲ ရွှေဝါချိုင်မှာတော့ ဗိုလ်ချုပ်ဟောင်းတွေ ပိုင်တဲ့ ဟိုတယ်တွေ၊ မြေတွေက အများကြီး ရှိပါတယ်။ သံတွဲက လူတွေ ပြောပြချက် အရတော့ စစ်ဗိုလ်တွေ အခွင့်အရေး ရှိတဲ့ အချိန်က ရအောင် လုပ်ထားကြတဲ့ဟာ များပါတယ်။ မူလ ပိုင်ရှင်တွေကို မောင်းထုတ်ပြီးတော့ နည်းမျိုးစုံနဲ့ ရောင်းစားတာတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ကြီးတွေက အကွက်ကျတဲ့ နေရာတွေ သိမ်းထားတာတွေ တွေ့ရပါတယ်။ ရွှေဝါချိုင် ဆိုတာကတော့ သံတွဲမှာ အဓိကကျတဲ့ နေရာတွေ ဖြစ်ပါတယ်။ စစ်တပ်က အရာရှိဟောင်းတွေ၊ ဗိုလ်ချုပ် ဟောင်းတွေ၊ အဲဒီလို ပုဂ္ဂိုလ်တွေ ယူထားကြတဲ့နေရာ တွေများပါတယ်” ဟုပြောသည်။

၎င်းပြင် သူက “ရွှေဝါချိုင်ကမ်းခြေမှာတော့ခါ ဟိုတယ်ဆောက်မဲ့ အကွက်တွေအဖြစ် တဝက်ခန့် သိမ်းထားပါ တယ်” ဟု ဆက်ဆိုသည်။

တောင်ကုတ်မြို့နယ်များမှ ပင်လယ်ကမ်းခြေ အနီးရှိ အကွက်အကောင်းကျသော နေရာများကို ဗိုလ်ချုပ်များ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင် အနေဖြင့် ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ ကျိန္တလီ ဒေသတို့တွင် စစ်တပ်မှ သိမ်းဆည်းထားသော လယ်ယာမြေများကို တွေ့ရှိသည်ဟု ဆိုသည်။

“ဟုတ်ကဲ့ လယ်ယာမြေ စုံစမ်းရေး ကိစ္စတော့ ပြီးသွားပါပြီ။ ရခိုင်ပြည်နယ် လယ်ယာမြေစုံစမ်းရေး ကော်မတီက အခု ဒုတိယ တစ်ကြိမ် စစ်ဆေးတာကတော့ ကျောက်ဖြူရယ်၊ သံတွဲရယ်၊ ဂွ၊ ကျိန္တလီ တို့ ဖြစ်ပါတယ်။ ဂွမြို့နဲ့ ကျိန္တလီဘက်မှာတော့ ခလရ ၅၅ ကသိမ်းထားတဲ့ အတွက် တိုင်ထားတဲ့ အမှု (၁)ခု သွား စစ်ဆေးပါတယ်။ ပြီးရင် ခလရ ၅၄၂ က (၁) မှုတွေ့တယ်။ စုစုပေါင်း ၃ခုလောက် တွေ့ခဲ့ပါတယ်” ဟု ပြောသည်။

ဂွမြို့နှင့် ကျိန္တလီတွင် သိမ်းထားသော မြေများနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောသည်။

“ဂွနဲ့ ကျိန္တလီမှာတော့ ခလရ ၅၅က သိမ်းထားတဲ့ လယ်ယာမြေက ဧက ၁၀၀၀ ကျော်ရှိ ပါတယ်။ အုန်းခင်းတွေ၊ လယ်မြေတွေဖြစ်တယ်။ အုန်းခင်းတွေကျတော့ သူတို့တွေ ဘာတစ်ခုမှ မလုပ်ဘဲနဲ့ ဒီအတိုင်း ထားတယ်။ အဲဒီ အုန်းခင်းကို ဒေသခံ စီးပွားရေး သမားတွေကို ကန်ထရိုက် သဘောနဲ့ တနှစ်ကို ကျပ်သိန်း ရ၀ နဲ့ အကြီးအငယ် အလိုက် အငှား ပေးထားတယ်။ လယ်ကွင်းတွေကိုလည်း သီးစား ချပေးထားတယ်။ တဧကကို ၄ တင်းနှုန်း၊ ၅ တင်းနှုန်း သဘောမျိုးနဲ့ တွေ့ရတယ်။  ဒေသခံတွေဟာ ကိုယ်လယ်ကို စစ်တပ်က ပြန်ငှားပြီး လုပ်ကိုင် စားသောက်ရတဲ့ သဘောမျိုး ဖြစ်သွားကြတယ်။ စစ်တပ်အကျိုး၊ တိုင်းပြည်အကျိုးအတွက် လုပ်ဟာမဟုတ်တဲ့ ပုံစံမျိုးတွေ့တယ်။ ကမ်းသာယာ ကမ်းခြေနဲ့ ကျိန္တလီအပါ၀င် ဧက ၁၀၀၀ ကျော်ရှိပါတယ်” ဟုဆိုသည်။

တခြားရခိုင်ပြည်နယ် မြို့နယ်အနှံ့မှာလည်း စစ်တပ်က သိမ်းထားသည့် လယ်ယာမြေ အမြောက် အများ ရှိသည်ဟု ဆက်ပြောသည်။

“စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေက မင်းပြားတို့၊ ကျောက်တော်တို့၊ စစ်တွေတို့၊ ပြောရမယ်ဆို ရခိုင်ပြည် နယ်အနှံ့ရှိနေပါတယ်။ လယ်သမားတွေကို သီးစားခသဘောနဲ့ ငှားစားနေတာ အများကြီးပါဘဲ။ တချို့ နေရာ တွေမှာဆိုရင် လယ်သမားတွေက စိုက်ထားတဲ့ စပါးခင်းတွေကို စစ်တပ်က အတင်းရိတ်သိမ်းပြီး ယူနေတာကို လည်း ကြားသိရပါတယ်။ တချိန်က စစ်တပ်၊ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ အခွင့်အရေး ယူထားတာတွေဟာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရှိပါတယ်။  ခေတ်ကောင်း လာလို့ ပြည်သူတွေက ပြန်လိုချင်ကြတဲ့ အချိန်အခါမှာ သူတို့တွေက ပြန်မပေးသေးဘူး ဆိုတာက စစ်တပ်အတွက် သမိုင်းအရ အမဲစက် တစ်ခုအဖြစ် ကျွန်တော်တို့ ယူဆတယ်။ အမှန်တော့ ဒီလယ်မြေတွေကို လယ်သမားတွေကို ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်မြေတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင် မြေတွေဖြစ်တယ်။ စစ်တပ် ဆိုတာ စစ်တိုက်ဖို့  အလုပ်ပဲရှိတယ်လို့ မြင်တယ်။ ဒီလို ပြည်သူတွေက ခေါင်းပုံဖြတ်ပြီးတော့ လုပ်စားနေတာက တော့ ကျွန်တော်တို့ ထောက်မခံပါ” ဟုဆိုသည်။

ယခု စစ်ဆေးတွေရှိချက်များကို ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းသွားမည်ဟု ဆိုသည်။

“ခုစစ်ဆေးချက်တွေကို လွှတ်တော်မှာတင်မယ်။ လွှတ်တော်က အတည်ပြုပြီးတော့ သက်ဆိုင်ရာ အစိုးရဝန် ကြီးဆီ ဆုံးဖြတ်ချက်တွေကို ပြန်တင်မှာ ဖြစ်ပါတယ်။ အစိုးရက ဘယ်လိုတုန့်ပြန်မှာလဲ။ အဓိကတော့ ဆုံးဖြတ် ရမှာက အစိုးရဖြစ်တယ်။ လွှတ်တော်ကတော့ခါ အစိုးရအလုပ်ကို ၀င်လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလမ်းကြောင်းက ပြည်သူတွေ တင်ပြတယ်။ အဖြေမပေါ်တဲ့ အချိန်မှာ ဒီကိစ္စတွေဟာ လွှတ်တော်ကို ရောက်လာတယ်။ အဲဒီကိစ္စနဲ့ တနိုင်ငံလုံး အတိုင်းအတာအရ အဖွဲ့ (၁၉) ဖွဲ့ပြီးတော့ စစ်ဆေးနေတာပါ။ အဲဒီ စစ်ဆေးတွေ့ ရှိချက်တွေကို တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက် သဘောမျိုးနဲ့ လွှတ်တော်ကို ပြန်တင် ပေးတယ်။ အဲဒါ တွေကို လွှတ်တော်က အတည်ပြုပြီးတော့ အစိုးရအဖွဲ့ဆီ တင်ပါတယ်။ အဲဒါတွေကို အစိုးရ အဖွဲ့က အတည်ပြု ပေးဖို့လိုတယ်။ အတည်မပြုပေးရင်တော့ တခုမှ ထူးလာမှာ မဟုတ်ပါဘူး။ ဒီဟာ လယ်သမားတွေ အတွက် နောက်ဆုံးဆေး ဖြစ်ပါတယ်” ဟုပြောသည်။

နောက်ဆုံးအနေနှင့် သူ့အမြင်ကိုလည်း ယခုလိုပြောပြသည်။

“နောက်ဆုံးအနေနဲ့ ပြောချင်တာက လယ်သမားတွေဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေ ဖြစ်တယ်။ တနည်း အားဖြင့် အနိမ့်ဆုံး၊ အညံ့ဆုံးလူတန်းစား တွေဖြစ်တယ်။ ဒီလူတွေအပေါ်မှာ အခွင့်ရေးတွေယူပြီးတော့ ကိုယ့်အ ကျိုးစီးပွားအတွက် အသုံးချနေတာကတော့ခါ မသင့်တော်ဘူး။ ဒီလိုဟာမျိုးတွေဟာ ခေတ်သစ် စနစ်သစ်ဆီ သွားနေကြတဲ့ အချိန်မှာ အမှိုက်ပုံတွေ ဖြစ်နေတယ်။ အဲဒီ ကိစ္စတွေကို မရှင်းဘဲနဲ့တော့ လမ်းသစ်ကို ကျွန်တော်တို့ သွားလို့ မရပါဘူး။ အဲဒီ အမှိုက်ပုံတွေကို ရှင်းဖို့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ခရိုနီတွေ၊ စစ်သားတွေက အစ အားလုံးက သူ့ဟာနဲ့ သူပြင်ပေးနိုင်ရင်တော့ အားလုံးသူအတွက် တဘက်တလမ်းက  စိတ်ချမ်းသာမု ရရှိ ကြလိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟုဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်တခုကို ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းပေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ၂၀၁၂ခု စက်တင်္ဘာလမှ စတင်ပြီး ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် စစ်ဆေးခဲ့ပြီး ဒုတိယ အကြိမ် အဖြစ် ဒီဇင်ဘာလ အတွင်းမှ စတင်ကာ ကျောက်ဖြူ၊ သံတွဲနှင့် ဂွ၊ ကျိန္တလီအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်း စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် စစ်တပ်မှလယ်ယာမြေ အများဆုံး  အသိမ်းခံထားရသည့် ပြည်နယ် တစ်ခု ဖြစ်သည်သာမက ရခိုင် လူထု အနေဖြင့််လည်း ခေါင်းမဖေါ်နိုင်အောင် စစ်တပ်၏ ဖိနှိပ်မူကို ခံနေရကြောင်း သိရှိရသည်။

Most read this week